ဒေါပုံ   ဩဂုတ်  ၁၉

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် သက်သာသော ဈေးနှုန်းဖြင့် ပြည်သူများ ဝယ်ယူရရှိစေနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့်ဆီ ကို ရွေ့လျားမော်တော်ယာဉ် ဖြင့်  ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရီရပ်ကွက်ရှိ ဓမ္မာရုံရှေ့တွင် လာရောက်ရောင်းချပေးခဲ့ကြောင်း  သိရသည်။

ထို့သို့ရောင်းချပေးရာတွင် (ယခင်)ပေါ်ဆန်းမွှေးတစ်ပြည်(သစ်) ၂၆၀၀/- ကျပ်ဈေးနှုန်း ကို (ယခု) ၁၇၀၀/- ကျပ် ဈေးနှုန်းဖြင့် (၅)ပြည်တစ်အိတ်ကို ၈၅၀၀/ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ ဧည့်မထဆန်တစ်ပြည်ကို ယခင် ၁၅၀၀/- ကျပ် ဈေးနှုန်းကို ယခု ၁၀၀၀/-ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ စားသုံးဆီ(၆၀)သားတစ်ဗူးကို ၁၈၅၀/- ကျပ်ဖြင့်လည်းကောင်း သက်သာသော ဈေးနှုန်းများဖြင့် လိုက်လံ ရောင်းချပေးလျက်ရှိကြောင်းပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း အလှည့်ကျ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါရောင်းချရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များက လူစုလူဝေးမဖြစ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် ရောင်းချပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“ အခုလိုလာပြီးရောင်းပေးတာ ကျေးဇူးတင်တယ်၊ အဒေါ်တို့ဈေးထဲမှာ ဝယ်စားရတာ ဈေးကြီးတော့ ဆန်ကြမ်းပဲဝယ်စားတယ်၊ အဒေါ်တို့ကလက်လုပ်လက်စားတွေဆိုတော့ အခုလို ဈေးသက်သက်သာသာနဲ့ လာရောင်းပေးတော့ ကျေးဇူးတင်တာပေါ့ ” ဟု ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

ခင်မာဝေ