နေပြည်တော် ၇ သြဂုတ်


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့ (Digha)၏ တောင်-အနောက်တောင်ဘက် မိုင်(၃၀)ခန့်နှင့် ဘလာဆောမြို့ (Blasore)၏ အရှေ့တောင်ဘက် (၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကာ အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရသည်။


အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။


အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြန်မာစံတော်ချိန် ၁နာရီခွဲတွင် မြောက်လတ္တီကျု (၂၁.၁)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၇.၄)ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား (၉၉၄)ဟက်တို ပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းဖြစ်သည်။


နောက်(၁၂)နာရီအတွင်း ခန့်မှန်းချက်မှာ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) သည် နောက် (၁၂)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေမြောက်ပိုင်းကို ဘလာဆောမြို့ (Blasore)အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရသည်။


အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။


မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၅)ပေခန့် ရှိနိုင်သည်။


အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုထားသည်။


MDN