နေပြည်တော် ၄ ဇန်နဝါရီ

 

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ဧက ၁၀ဝ တည်ထောင်စိုက်ပျိုးပြီးစီးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်-ကံပြားလမ်း၊ မိုင်တိုင်အမှတ်(၁၃/၅) ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၉၊ ၃၀)၊ ဥတ္တရသီရိမြို့နယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၊ နေပြည်တော်ကောင်စီဝင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ဧက ၁၀ဝ ကမ္ပည်းကျောက်စာအား အမွှေးနံ့သာရည်ဖြင့် ဖျန်းပက်ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုနယ်မြေ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ဧက ၁၀ဝ သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်း အကွက်အမှတ် (၂၉၊ ၃၀)၊ နေပြည်တော်- မကွေး- ကံပြားလမ်း  မိုင်တိုင်အမှတ် (၁၃/၂ မှ ၁၃/၇)ဘေး  အမှတ်(၂၁၆) နေပြည်တော်- မကွေး- ကံပြားလမ်း မိုင်တိုင်အမှတ် (၂၈/၁)ဘေး၌ တည်ရှိကြောင်း။

 

၂၀၁၉ ခုနှစ် မှ ၂၀၂၃ ခုနှစ်၊ စိုက်ခင်းသက်တမ်း (၅)နှစ်အထိ ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ညွှန်ကြားရေးမှူး၊ ဥတ္တရခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်  ဥတ္တရသီရိမြို့နယ်၊ ဦးစီးအရာရှိတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် စိုက်ခင်းတာဝန်ခံ တောအုပ်ကြီး (၁)ဦး၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၉၊ ၃၀)၌ တောအုပ် (၁)ဦး၊ တောခေါင်း (၂)ဦး၊ တောကြပ် (၁)ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

စိုက်ပျိုးသည့် သစ်မျိုးများမှာ ကျွန်းနှင့် သစ်မာအုပ်စု (၁) ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ သင်္ဃန်း၊ အင်ကြင်း၊ သစ်ယာအပါအဝင် စုစုပေါင်း သစ်မျိုးစုံ(၉၇)မျိုး စိုက်ပျိုးထားပြီး ပန္နက်အကွာ အဝေးမှာ ၆'×၆' ပန္နက်ဖြင့်  (၁၀)ဧကနှင့် ၉'×၉' ပန္နက်ဖြင့် ဧက (၉၀) စိုက်ပျိုးထားပြီး စိုက်ပင်အရေအတွက် ၆'×၆' ပန္နက်ဖြင့် (၁၂၁၀ဝ)ပင်နှင့် ၉'×၉' ပန္နက်ဖြင့် (၄၈၆၀ဝ) စုစုပေါင်း အပင် (၆၀၇၀ဝ) စိုက်ပျိုးထားပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် အဖွဲ့သည် စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ဆက်လက်၍ တောင်တွင်းကြီးမြို့နယ် အတွင်းရှိ တရုတ်-မြန်မာချစ်ကြည်ရေး စိုက်ခင်းသို့ သွားရောက်ကာ နေပြည်ကောင်စီဝင်၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအား စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုအား လိုက်လံပြသခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်