မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီးများ စုပေါင်းကျင်းပသည့် “ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း ပွဲတော်နှင့် မိတ်သဟာယ ညစာစားပွဲ” အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်သည်။
အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ချုပ်တို့ စုပေါင်းကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ဇနီးဒေါက်တာ စိန်စိန်သိမ်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးများ၊ ဂိုဏ်းချုပ်ဆရာတော်ကြီးများ၊ သိက္ခာတော်ရဆရာတော်များ၊ ခရစ်ယာန်အသင်းတော်များမှ ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
 
အခမ်းအနားတွင် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ ဗဟိုကော်မတီဝင် မေဂျာနေလင်းထွန်းက ပဏာမဆုတောင်းပေးပြီး မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဂိုဏ်းအုပ်ဆရာတော် မန်းဂျွန်ဆိန်းဃှီနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုတို့က ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
 
ထို့နောက် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာ ဒေါက်တာအေးမင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အကြီး အကဲများနှင့် နိုင်ငံသူ နိုင်ငံသားများအတွက် မေတ္တာပို့ဆုတောင်းပေးသည်။
 
ဆက်လက်၍ ခရစ်ယာန်အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီးများ၏ အထွေထွေ အတွင်းရေးမှူးများဖြစ်ကြသော သိက္ခာတော်ရ ဒေါက်တာမောရစ်လျံနာ၊ ဒေါက်တာ ယောဟန်၊ မွန်ဆီညော်မောရစ်ညွန့်ဝေတို့က သမ္မာကျမ်းစာကို ဖတ်ကြားကြသည်။
 
ထို့နောက် မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဦးအောင်သက်ညွန့်က ခရစ္စမတ်ဓမ္မဒေသနာကို ဟောကြားပြီး သိက္ခာတော်ရဆရာ မန်းပါမာစတန်က ကျေးဇူးတင်စကား ပြောကြားသည်။
 
ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
 
ထို့နောက် သိက္ခာတော်ရဆရာ ဦးအုန်းမြင့်က ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက “ယေရှုကြွလာ တော်မူကျူး” ဓမ္မသီချင်းကို သီဆိုချီးမွမ်းကြသည်။
 
ယင်းနောက် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီဥက္ကဋ္ဌ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးက ဆုတောင်းကောင်းချီးပေးသည်။
 
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် မိတ်သဟာယ ညစာကို အတူတကွသုံးဆောင်ကြသည်။
 
ထို့ပြင် ယနေ့အခမ်းအနားတွင် တေးသံရှင် ဖြူဖြူကျော်သိန်း၊ Jesse၊ ဆရာစံပီး၊ စ’လုကာနှင့် မိုင်ကြည်ကြည်ဝင်းတို့က ဂုဏ်တော်ချီးမွမ်းကြပြီး ခရစ်ယာန်သာသနာ အဖွဲ့အစည်းများက သံစုံသီချင်းများ ကျူးဧကြသည်။ 
 
(သတင်းစဉ်)