နေပြည်တော်၊  ၁၀  ဇန်နဝါရီ

 

 

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့၊ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  ကျင်းပသည်။

 

 

အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က  ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ခွဲဝေဖြန့်ဖြူးထိုးနှံမည့် အသေးစိတ် စီမံချက် ရေးဆွဲခြင်းသည် နက်နဲသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပြီး ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တာဝန်ရှိသူများနှင့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ဝင်များအားလုံးက ပေါင်းစပ်ပူးပေါင်းလုပ်ဆောင်၍ နောက်ဆုံးအဆင့်သို့ ရောက်ရှိသည်ကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါကြောင်း၊ စီမံချက်အား Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ အမြန်ဆုံးတင်ပြပြီး အတည်ပြုချက် ရယူသွားမည်ဖြစ်ပါကြောင်း။

 

 

ဦးစားပေးထိုးနှံရမည့် လူအုပ်စု အမျိုးအစားရွေးချယ်ပြီး ကာကွယ်ဆေးများကို ခွဲဝေဖြန့်ဖြူးမည့် အစီအစဉ်ကို ရေးဆွဲရာတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ သာမက Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်၊ Gavi, the Vaccine Alliance အဖွဲ့၏ အခြေခံ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမည့် အချက်၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့၏ အကြံပြုတိုက်တွန်းချက်စသည့် အကြောင်းအချက်များစွာကို ဘက်စုံခြုံငုံစဉ်းစား၍ ရေးဆွဲထားခြင်းလည်း ဖြစ်ပါကြောင်း။

 

 

လက်တွေ့ကာကွယ်ဆေးထိုးနှံရာတွင်လည်း ပြည်သူ့ကျန်းမာရေးအပိုင်း၊ ကုသရေးအပိုင်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင် သိုလှောင်ကာ စနစ်တကျ သယ်ယူပို့ဆောင်ရေးအပိုင်းတို့ကို ချိန်သားကိုက် စီမံဆောင်ရွက်ထားပြီး ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ အရေးအကြီးဆုံးအချက်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးမျိုးအလိုက် သတ်မှတ် အပူချိန်တွင် စနစ်တကျ ထိမ်းသိမ်းထားသိုနိုင်ရန်နှင့် သယ်ယူပို့ဆောင်နိုင်ရန် စီမံထားပြီးဖြစ်သည်အား တွေ့ရှိရပါကြောင်း။

 

မိမိတို့အနေဖြင့် ကာကွယ်ဆေး ထိုးနှံမည့်နေရာများကို သတ်မှတ်ရွေးချယ်ပြီး စနစ်တကျပြင်ဆင်ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် ဖြစ်ပွားတတ်သော နောက်ဆက်တွဲဖြစ်ရပ်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ ကာကွယ်ဆေးထိုးပြီး ပြင်းထန်သော နောက်ဆက်တွဲဖြစ်ရပ်များ ဖြစ်ပွားပါလည်း စနစ်တကျလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ဘက်စုံဆောင်ရွက်ရန် အတွက် ယနေ့အစည်းအဝေးမှ ထွက်ပေါ်လာမည့် အကြံပြုချက်များကို အလေးထား၍ ထည့်သွင်းပြုလုပ်ရမည် ဖြစ်ပါကြောင်း။

 

 

ထို့အပြင် ကာကွယ်ဆေးထိုးနှံမည့် ဦးစားပေးလူအုပ်စုများကို ရွေးချယ်ရာတွင် ပြည်သူ့ကျန်းမာရေး ရှုထောင့်၊ ကပ်ရောဂါဗေဒ ရှုထောင့်နှင့် ကိုဗစ်-၁၉ ရောဂါ၏ထူးခြားသောသဘောသဘာဝ ရှုထောင့်များအပြင် အခြားနှီးနွှယ်သည့် ရှုထောင့်မျိုးစုံကိုလည်း ထည့်သွင်းစဉ်းစားရန် လိုသည်ဆိုသည့်အချက်ကို မိမိတို့သတိပြုရမည် ဖြစ်ပါကြောင်း။

 

 

Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဤကိစ္စနှင့်ပတ်သက်၍ လမ်းညွှန်ခဲ့သည့် အချက်များကိုလည်း အထူးဦးစားပေး ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ရရှိလာမည့် ကာကွယ်ဆေးအရေအတွက်နှင့် အဆင့်ဆင့်ရရှိမည့် အချိန်အပေါ်မူတည်၍ ဦးစားပေး ထိုးနှံမည့်လူအုပ်စုများနှင့် အစီအစဉ်ကို ရွေးချယ်ဆုံးဖြတ်ရသည် ဖြစ်ပါကြောင်း၊ ဤကာကွယ်ဆေးထိုးနှံမှု အောင်မြင်ရန်အတွက် အရေးအကြီးဆုံးအချက်မှာ ကောင်းမွန်သည့် ကာကွယ်ဆေးပစ္စည်း စီမံခန့်ခွဲပို့ဆောင်မှု စနစ်ဖြစ်ပါကြောင်း၊ ပြောင်းလဲနေသည့် အခြေအနေနှင့်အတူ ထိုးနှံသည့်လူအုပ်စုနှင့် နေရာဒေသများ ပြောင်းလဲခြင်းကြောင့် မမျှော်လင့်သည့် အခြေအနေဖြစ်ရပ်များ ပေါ်ပေါက်လာပါကလည်း ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေး အစီအမံများ ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း။

 

 

ပြည်သူများကို ကာကွယ်ဆေးနှင့်ပတ်သက်၍ သိရှိနားလည်မှုရှိရန် အချက်များနှင့် အသိပေးရှင်းလင်း ပြောကြားမှုများကိုလည်း ရက်ပိုင်းအတွင်းစတင်ကာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းမှာ ယခင်ဝန်ကြီးဌာနက ထိုးနှံတိုက်ကျွေးနေသည့် ရောဂါကာကွယ်ဆေး (၁၃) မျိုး ထိုးနှံတိုက်ကျွေးသည်နှင့်မတူဘဲ အလွန်နက်နဲသိမ်မွေ့ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ကို နောက်ခံထား၍ အတတ်နိုင်ဆုံး အကောင်းဆုံး ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြည်သူများအနေဖြင့်လည်း ဤအချက်များကို သိရှိနားလည်ပေးစေလိုပါကြောင်း ပြောကြားသည်။

 

 

ထို့နောက် ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း) ဒေါက်တာ ထားထားလင်းက ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကန့်အသတ်ဖြင့်သာ ထုတ်လုပ်နိုင်ချိန်တွင် ရရှိနိုင်သော အရေအတွက်အတွင်း အထိရောက်ဆုံး သုံးစွဲနိုင်ရန် အခြားနိုင်ငံများနည်းတူ ရောဂါကူးစက်နိုင်ခြေ အမြင့်မားဆုံးအုပ်စုကို ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်နှင့် သေဆုံးမှုကိုလျော့ချရန်၊ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်၍ ပုံမှန်လုပ်ငန်းများပြန်လည် လည်ပတ်နိုင်စေရန် ရည်ရွယ်၍ ကာကွယ်ဆေးရရှိမှုပေါ် မူတည်၍ အဆင့်ဆင့် တိုးချဲ့ထိုးနှံသွားမည်ဖြစ်ပါကြောင်း၊ (၂၀၂၁) ခုနှစ် (၂၀၂၂) ခုနှစ်အတွင်း လူထုအတွင်း ရောဂါကာကွယ်နိုင်မှုနှုန်း ရရှိရန် အသက် (၁၈) နှစ်အထက် ရှိသည့် နိုင်ငံသားအားလုံး၊ မြန်မာနိုင်ငံလူဦးရေ၏ (၆၇ ဒသမ ၉) ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးပေးရန် ဦးစားပေးအစီအစဉ်အပေါ် အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့၏ ဆွေးနွေးအကြံပြုချက်များအား တင်ပြသည်။

 

 

ဆက်လက်၍ ညွှန်ကြားရေးမှူး (ကျန်းမာရေးသတင်းစနစ်နှင့် စီမံခန့်ခွဲမှု) ဒေါက်တာစန်းဟုန်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် ကာကွယ်ဆေးထိုးလုပ်ငန်း ပြင်ဆင်ခြင်းအနေဖြင့် Master List နှင့် Due List များပြုစုခြင်း၊ အချိန်နှင့်တပြေးညီ သတင်းအချက်များ ကောက်ယူပေးပို့ခြင်း၊ သုံးသပ်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် Master Patient Index Software နှင့် DHIS 2 Software များ အသုံးပြုရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း တင်ပြသည်။

 

 

ယင်းနောက် အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ စိုးလွင်ငြိမ်း က တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအနေဖြင့် ကာကွယ်ဆေးများ ရောက်ရှိလာပါက စနစ်တကျ ထိုးနှံပေးနိုင်ရန် နည်းပညာအရ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းနှင့် အသုတ်လိုက်ရောက် ရှိလာမည့် ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် စနစ်တကျထိုးနှံပေးနိုင်ရန် အသေးစိတ်အစီအစဉ်များ စနစ်တကျ ရေးဆွဲပြင်ဆင်ထားရန် ဆွေးနွေးသည်။

 

 

ထို့နောက် တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

 

သတင်းစဉ်