နေပြည်တော် ၆ သြဂုတ်

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းနာယက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့်အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာဒေါ်အမယာမော်နိုင်တို့သည် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

 

ff4g

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဖွဲ့စည်းမှု၊ ၂ဝ၁၅ ခုနှစ် ကြက်ခြေနီအသင်းဥပဒေအရ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ညီလာခံကျင်းပသွားမည့် အခြေအနေ၊ အဆိုပါညီလာခံတွင် မြို့နယ်အသင်းခွဲမှစ၍ ကောင်စီဝင်နှင့် အလုပ်အမှု ဆောင်အဆင့်ဆင့် ရွေးချယ်တင်မြှောက်သွားမည့် အခြေအနေ၊ အသင်းကြီး၏ နှစ် (၈ဝ) ပြည့် အထိမ်းအမှတ်အခမ်းအနားကို မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ကျင်းပသွားမည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်တင်ပြသည်။ 

 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်းလုံး စေတနာအလျောက် လွတ်လပ်စွာ ကူညီဆောင်ရွက်ပေးနေသော အသင်းဖြစ်ကြောင်း၊ အသင်းကြီးသည် ဂျီနီဗာ သဘောတူညီချက်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ၏ မူဝါဒများ၊ အခြေခံမူများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရပါကြောင်း၊ ထို့အပြင် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုဂရုဏာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရကြောင်း၊ လူသားချင်းစာနာထောက်ထားသော ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးကြရပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ၊ လူ့ပယောဂကြောင့်ဖြစ်သည့် ဘေးအန္တရာယ်များ၊ အရေးပေါ်ကိစ္စများတွင်လည်း ပါဝင်ကူညီကြရပါကြောင်း၊ ကျန်းမာရေး၊ ရောဂါဘယကြိုတင်ကာကွယ်ရေးနှင့် လူမှုဝန်ထမ်းလုပ်ငန်းများတွင်လည်း ကူညီစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည်  နိုင်ငံတော်၏အင်အားတစ်ရပ်ဖြစ်ပါကြောင်း။

 

dfgrg

 

အသင်း၏ညီလာခံကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြီး မဲပေးခွင့်ရှိသူများ မဲပေးပိုင်ခွင့်ရရှိရေးကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကောင်စီဝင်များကို ထိုညီလာခံက ရွေးချယ်ဖွဲ့စည်းပေးရမည်ဖြစ်ပြီး ကောင်စီဝင်များ မှန်မှန်ကန်ကန်ရရှိရေးကိုလည်း ဦးတည်ဆောင်ရွက်ရန်လိုကြောင်း၊ ကောင်စီဝင်များထဲမှ အလုပ်အမှုဆောင်များအားစနစ်တကျ ရွေးချယ်ပြီး ယင်းအလုပ်အမှုဆောင် အဖွဲ့ဝင်များက မိမိတို့အဖွဲ့ဝင်များထဲမှ အသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ အချိန်ပြည့်အလုပ်အမှုဆောင်(၂)ဦးနှင့် အချိန်ပိုင်း အလုပ်အမှုဆောင် (၆)ဦးတို့ကို ရွေးချယ်တင်မြှောက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ရွေးချယ်တင်မြှောက်ရာတွင် စေတနာပါပါ၊ လုပ်ရည်ကိုင်ရည်နှင့် အတွေ့အကြုံရှိရှိ၊ တာဝန်ကျေကျေဖြင့် နိုင်ငံတော်အတွက် ထမ်းဆောင်နိုင်သူများကို ရွေးချယ်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။   

 

ထို့နောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံကြက်ခြေနီအသင်းအတွက် အလှူငွေ ကျပ်သိန်း ၅ဝ ကို ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဋ္ဌက လက်ခံသည်။ ယင်းနောက် နိုင်ငံတော်သမ္မတအား အသင်းဥက္ကဋ္ဌက မြန်မာနိုင်ငံကြက်ခြေနီအသင်း ရာသက်ပန် အသင်းဝင်တံဆိပ်အား ပေးအပ်သည်။

 

တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်