နေပြည်တော် ၁၄ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြုလုပ်သည့် COVID19 ဗိုင်းရပ်စ် အသိပညာပေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၁၃)ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဌာနချုပ်၊ စုဝေးခန်းမတွင်ပြုလုပ်သည်။
အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး (တာဝန်) ဒေါက်တာသန်းနိုင်စိုးက COVID19 ဗိုင်းရပ်စ်နှင့် ပတ်သက်သော သိကောင်းစရာများကို လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အင်ကြင်းအောင်နှင့် လက်ထောက်ဆရာဝန် ဒေါက်တာထက်လင်းတို့က စနစ်တကျ လက်ဆေးနည်းကို သရုပ်ပြသရာ တက်ရောက်လာသူများက သိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပြည့် အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ဒုတိယ အထွေထွေအတွင်းရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအင်ကြင်းအောင်နှင့် လက်ထောက်ဆရာဝန် ဒေါက်တာ ထက်လင်း၊ အသင်းဌာန အသီးသီးမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူးများ၊ ကြက်ခြေနီလူငယ် ခေါင်းဆောင်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
မောင်မောင်မျိုး