နေပြည်တော် မတ် ၆
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနများ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ အဖွဲ့ဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းကော်မတီ အတွင်းရေးမှူး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကော်မတီနှင့်ပတ်သက်သည့်လုပ်ငန်းတာဝန်များနှင့် ၂၀၂၄-၂၀၂၈၊ ဒုတိယ (၅)နှစ်တာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း တို့ရှိအဖွဲ့ဝင်များက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြကာ အစည်းအဝေးတက်ရောက်လာသည့် အဖွဲ့ဝင်များနှင့်လုပ်ငန်း ဆောင်ရွက်မှုများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်