နေပြည်တော် ဇန်နဝါရီ ၂၈

 

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက် အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားအဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီး များ၊ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး အမျိုးသားကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ အလုပ်ရှင်အဖွဲ့အစည်းနှင့် လူမှုအဖွဲ့အစည်းများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများ၊ အခက်အခဲများ၊ အားနည်းချက်များရှိသော်လည်း ကလေးအလုပ်သမားလျော့ နည်းပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ စီမံချက်ပါ အညွှန်းကိန်းများရရှိအောင် ရေရှည် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်းကော်မတီ(၈)ရပ်အနေဖြင့် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်)ပါ အညွှန်းကိန်းများကိုရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

 

ကလေးအလုပ်သမားအများစုသည် ဆင်းရဲနွမ်းပါးမှု၊ ပညာသင်ယူခွင့်အားနည်းမှုနှင့် မိသားစုစားဝတ် နေရေးအတွက် ဝင်ငွေရအလုပ်အကိုင်များကို မဖြစ်မနေလုပ်ကိုင်ရန် ဖိအားများကြုံတွေ့နေရသဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကိစ္စရပ်များကို အရှိန်အဟုန်မပျက် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် အမျိုးသားကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီဉက္ကဋ္ဌများနှင့် လုပ်ငန်း ကော်မတီဉက္ကဋ္ဌများ၊ အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးကို အထိရောက်ဆုံး အောင်မြင်အောင် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အားနည်းချက်၊ အားသာချက် များကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြသွားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြပြီး ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ဆဋ္ဌမအကြိမ် အမျိုးသားကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းကော်မတီ(၈)ရပ်၏ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ဒုတိယငါးနှစ်လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြပြီး အမျိုးသားကော်မတီ တွဲဖက်အတွင်းရေးမှူးက သတ္တမအကြိမ် အစည်းအဝေးဆုံးဖြတ် ချက်များကို ဖတ်ကြားတင်ပြကာ အတည်ပြုချက်ရယူသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)