နေပြည်တော်        ဇွန်      ၂၈

 

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ် စိစစ်ရေး လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ငန်းကော်မတီဝင်များက ဗီဒီယိုကွန့်ဖရင့်ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် အဓိက ရည်မှန်းချက်များ မှာ ကလေးများကို ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာ ကွယ်ရန်၊ ပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများကို ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်၊ အန္တရာယ်ရှိသည့် အလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေး အလုပ်သမားများကို ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာ ကျောင်းများ တက်ရောက်နိုင်ရေးတို့ကို စီမံဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ၏ အမျိုးသားအဆင့် ပထမ ငါးနှစ် လုပ်ငန်းစီမံချက်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဒုတိယငါးနှစ်လုပ်ငန်းစီမံချက်အပေါ် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြပြီး လုပ်ငန်းကော်မတီဝင်များနှင့် တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အရုဏ်ဦးက စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ရမည့်အချက်များကို အတည်ပြု  ချက်ရယူပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သိရသည်။

(သတင်းစဉ်)