ရန်ကုန် ၂၂ စက်တင်ဘာ
မြန်မာနိုင်ငံကင်းထောက်အမျိုးသမီးအဖွဲ့ ကင်းထောက်အမျိုးသမီးသင်တန်း (အခြေခံအဆင့်)နှင့် ငှက်ပြာသင်တန်း ပထမအကြိမ်ဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်ပညာရေးတက္ကသိုလ်၊ လေ့ကျင့်ရေး အထက်တန်းကျောင်း (ကမာရွတ်)တွင် ကျင်းပရာ မြန်မာနိုင်ငံကင်းထောက်အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကင်းထောက် အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်၊ ဒုတိယကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာနှင့် ကင်းထောက်အမျိုးသမီးကြီးများက သင်တန်းဆင်းလက်မှတ်များနှင့် ကင်းထောက်အမျိုးသမီး ရင်ထိုးတံဆိပ်များကို သင်တန်းသူများအား ပေးအပ်ကြသည်။
ယင်းသင်တန်းကို စက်တင်ဘာလ (၁၄) ရက်မှ (၁၅)ရက်နှင့် (၂၁) ရက်နေ့များတွင် ဖွင့်လှစ်ရာ ကင်းထောက်အမျိုးသမီး ဆရာမ (၁၂) ဦး၊ ကင်းထောက်အမျိုးသမီးသင်တန်းသူ (၁၈၅) ဦး၊ ငှက်ပြာ ကင်းထောက်ငယ် (Blue Bird) (၄၇) ဦး တက်ရောက်၍ သင်တန်းတွင် ကင်းထောက်ကတိ (၃) ပါး၊ ကျင့်ဝတ် (၁၀) ပါး ကင်းထောက် အမျိုးသမီးသမိုင်းများ၊ ကင်းထောက်အမျိုးသမီးများ အသုံးပြုသည့် လည်စည်းဝတ်စုံများ၊ နိုင်ငံတော်အလံ၊ သီချင်း၊ ကင်းထောက်သီချင်းများ၊ နိုင်ငံတကာ ကင်းထောက်အမျိုးသမီးအဖွဲ့ လှုပ်ရှားမှုများ၊ ကြိုးချည်နည်းများ၊ အချက်ပြနည်းများ၊ တောစခန်းချပွဲနှင့် မီးပုံပွဲများ၊ တေးသီချင်းနှင့် ကစားနည်းများ၊ လက်မှုပညာနှင့် ပန်းချီပညာများ သင်ကြားပို့ချခဲ့ကြောင်း မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှ သိရသည်။
MDN


