ရန်ကုန် ၁၀ နိုဝင်ဘာ
မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှကြီးမှူး၍ ကင်းထောက်ငယ်(Cub Scout) ကတိခံယူပွဲနှင့် သင်တန်းဆင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ Brainworks- TOTAL International School တွင် ယနေ့ညနေ (၃)နာရီက ကျင်းပရာ ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်က အမှာစကား ပြောကြားပြီး Brainworks- TOTAL International School ကျောင်းအုပ်ကြီး ကိုယ်စား ဆရာမကြီး ဒေါ်တင်တင်ထွေးက ကျေးဇူးတင်စကား ပြောကြားကာ ကင်းထောက်ငယ်များက ကင်းထောက်အလံကို ကိုင်ဆောင်ပြီး ကင်းထောက်ကတိ ခံယူကြသည်။
ထို့နောက် ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်၊ ကင်းထောက်ကြီး ဦးတင်မောင်လတ်၊ ကင်းထောက်ငယ် သင်တန်းမှူးချုပ် ဒေါ်သစ်သစ်ဦးတို့က ကင်းထောက်ငယ် (၁၇၀)ဦးကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပြီး “စွမ်းဆောင်နိုင်တယ် ကင်းထောက်ငယ်” ဂုဏ်ပြုတေးသီချင်း ကို သင်တန်းတွင် ကူညီသင်ကြားပေးသည့် တက္ကသိုလ် ကင်းထောက်များနှင့် ကင်းထောက်ငယ်များက သီဆိုသရုပ်ဖော်ကာ အခမ်းအနားကို ရုပ်သိမ်းသည်။
ယင်းကင်းထောက်ငယ် သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ကလေးငယ် (၁၇၀)ဦးနှင့် ဆရာ၊ ဆရာမ (၄၀)ဦး တက်ရောက်၍ သင်တန်းကာလမှာ နိုဝင်ဘာလ (၈)ရက်နေ့မှ (၁၀)ရက်နေ့ အထိဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင်လည်း ကင်းထောက်အခြေခံ သင်တန်းကို နိုဝင်ဘာလ (၂)ရက်နေ့မှ (၅)ရက်နေ့အထိ စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြား ပို့ချခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၁၃၃) ဦး တက်ရောက်ခဲ့ပြီး ကင်းထောက် တောတွင်း စခန်းချ ပညာရပ်ကို ပြင်ဦးလွင်မြို့ ကန်တော်ကြီး အမျိုးသား သဘာဝဥယျာဉ် ထင်းရှူးတောတွင် လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ သိရသည်။
MDN