ရန်ကုန် ၁၄ ဇူလိုင်

မြန်မာနိုင်ငံတွင် မူလတန်းအရွယ် ကလေးငယ်များ မိမိကိုယ်ကို အားကိုးပြီး ယုံကြည်မှုအပြည့်ဖြင့် သူတစ်ပါးအပေါ် ကူညီတတ်သည့် စိတ်ရှိကာ ပျော်ရွှင်ခြင်းနှင့် စွန့်စားမှုကို နှစ်သက်စေရန် ရည်ရွယ်သည့် လူငယ်လေးများအဖြစ် အရွယ်ရောက်လာစေရန်၊ ကင်းထောက်အသိပညာများ တိုးတက်ပြန့်ပွားပြီး လေ့ကျင့်လှုပ်ရှားနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ စင်ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ကင်းထောက်အဖွဲ့မှ နည်းပြများ ပူးပေါင်းကူညီမှုဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ Brainworks TOTAL International School တွင် ပထမအကြိမ် ကင်းထောက်ငယ် (Cub Scout)သင်တန်းကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။ 

 

200

 

အဆိုပါသင်တန်းကို အာရှ-ပစိဖိတ် လူငယ်ကင်းထောက်များ ကော်မတီဥက္ကဋ္ဌ စင်ကာပူနိုင်ငံ ကင်းထောက်အဖွဲ့မှ နည်းပြဆရာ Mr. Lim Wei Yung ဦးဆောင်ကာ စင်ကာပူနိုင်ငံ ကင်းထောက်အဖွဲ့မှ နည်းပြဆရာတစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံ ကင်းထောက်အဖွဲ့မှ နည်းပြဆရာမတစ်ဦးနှင့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်ငယ် (Cub Scout) နည်းပြဆရာမ ဒေါ်သစ်သစ်ဦး၊ လူငယ်အစီအစဉ်ရေးရာ ညှိနှိုင်းရေးမှူး ဦးဖြိုးသူရဝင်း၊ နိုင်ငံတကာရေးရာ ညှိနှိုင်းရေးမှူး ဦးကောင်းမြတ်ထူးနှင့် တက္ကသိုလ် ကင်းထောက်လူငယ်များက ကင်းထောက် ကတိနှင့် ကျင့်ဝတ်များ၊ ကင်းထောက်ငယ် ကတိနှင့် ဆောင်ပုဒ်၊ လက်မှုပညာနှင့် ဆိုင်သော အခြေခံနည်းစနစ်များ၊ ကလေးများ ဆေးရောင်စုံများ ခွဲခြားအသုံးပြုနည်းများ၊ ပလတ်စတစ်ဘူးများ ပြန်လည်အသုံးပြုမှု နည်းစနစ်များ၊ အခြေခံ ကင်းထောက်အသိပညာရပ်များ၊ ရှေးဦးသူနာပြုစုနည်းများကို (၃)ရက်ကြာမျှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်သည်။ 

 

300

 

သင်တန်းသို့ ကလေးငယ် (၆၉)ဦး၊ ဆရာမ နည်းပြ (၁၀)ဦး၊ တက်ရောက်လျက်ရှိပြီး အလားတူ ကင်းထောက်ငယ် (Cub Scout) သင်တန်းကို ဖေဖော်ဝါရီလ ပထမပတ်က ရန်ကုန်မြို့ Brainworks TOTAL International School တွင် ထိုင်းနိုင်ငံ ကင်းထောက်အဖွဲ့ နည်းပြများ အကူအညီဖြင့် ကျောင်းသား (၅၂)ဦး၊ ကျောင်းသူ (၂၂)ဦးနှင့် ဆရာမ နည်းပြ (၁၀)ဦးတို့အား သင်ကြားပို့ချခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ သိရသည်။ 

MDN