မကွေး ဖေဖော်ဝါရီ ၂၁

 

မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) Myanmar Health Science Conference (2023) အထိမ်းအမှတ်အကြို မျက်စိအတွင်းတိမ်လူနာများအား ခွဲစိတ်ကုသပေးခြင်းကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မင်းဘူးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မျက်စိခွဲစိတ်ကုသမှု ခံယူကြမည့်သူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က “မျက်စိအတွင်းတိမ်လူနာ ၅၀ အား တစ်ရက်လျှင် ၂၅ ဦးဖြင့် ဖေဖော်ဝါရီ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် အခမဲ့ခွဲစိတ်ကုသပေးမှာဖြစ်ပြီး အတွင်းတိမ် မျက်စိလူနာများကို ခွဲစိတ်ကုသပေးကြမည့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများကို အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်းနှင့် နှီးနှောဖလှယ်ပွဲအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ပြီး ဆောင်ရွက်နိုင်ခဲ့သည့်အတွက်လည်း မကွေးတိုင်းဒေသကြီးအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း” အမှာစကား ပြောကြားသည်။ ယင်းနောက် မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန် ဒေါက်တာအိအိအောင်က မျက်စိအတွင်းတိမ်ရောဂါနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မင်းဘူမြို့ ပြည်သူ့ဆေးရုံကြီးအတွက် ဆေးပဒေသာပင် ငွေကျပ် ၁၀ သိန်း လှူဒါန်းကာ ခွဲစိတ်ကုသမှု ခံယူမည့်သူများအား လိုအပ်သော ဆေးပစ္စည်းများအား ထောက်ပံ့ပေးအပ်သည်။

 

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် အိုးပြင်မဲရွာနှင့် အိုင်းမရွာ ဆက်သွယ်သော လမ်းပေါ်ရှိ မန်းချောင်းကူး ရေနိမ့်တံတား တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေး အဖွဲ့ တာဝန်ရှိသူများက တံတားတည်ဆောက်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်စံနှုန်းများနှင့်အညီ အချိန်မီ ပြီးစီးရေး၊ လုပ်ငန်းအန္တရာယ် ကင်းရှင်းရေးနှင့် အခြားလိုအပ်လျက်များကို လမ်းညွှန်မှာကြားသည်။ အဆိုပါ အိုးပြင်မဲ - အိုင်းမရွာ မန်းချောင်းကူးရေနိမ့်တံတား အရှည် ပေ ၆၀၀၊ အကျယ် ၁၄ ပေ အုတ်မြစ် 0.8m ø Bored Pile Foundation သံကူကွန်ကရစ် သံကူကွန်ကရစ်ကြမ်းခင်းတံတား တည်ဆောက်ခြင်းကို ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၇၇၅ သန်းဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)က ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့် ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိကာ တံတား တည်ဆောက် ပြီးစီးပါက ကျေးရွာ ၁၄ ရွာ၊ အိမ်ခြေ ၂၅၂၇ အိမ်နှင့် လူဦးရေ ၁၁၁၀၃ ဦးတို့ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မောင်ညီညာ