နေပြည်တော်၊ ၁၀  ဇန်နဝါရီ

 

မြန်မာနိုင်ငံ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန (Center for Disease Control, Training and Research, Myanmar) စတင်တည်ဆောက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်ရှိ ယင်းအဆောက်အဦ တည်ဆောက်မည့်နေရာ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက‌ ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဤဗဟိုဌာနကြီးတည်ဆောက်နိုင်ရန် နှစ်နိုင်ငံမူအားဖြင့် သဘောတူညီခဲ့ပါကြောင်း၊ ထို့နောက် ၂၀၁၇ ခုနှစ်၊ မေလတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီချက် (letter of agreement) ကို လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် စီမံကိန်းအတွက် ကူညီပေးရေး ဆိုင်ရာစာလွှာ (Exchange Letter) ကိုလည်းကောင်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ထို့နောက် တရုတ်နိုင်ငံမှ ကျွမ်းကျင် ပညာရှင်များ အကြိမ်ကြိမ် လာရောက်၍ စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြေ ဆန်းစစ်ခြင်း (feasibility study)၊ တည်ဆောက်မည့် နေရာ၏ ပထဝီအနေအထားစစ်ဆေးခြင်း၊ မြေနေရာတွင် ငလျင်ကဲ့သို့ သဘာဝ ဘေးအန္တရာယ်ကျ ရောက်နိုင်မှုအခြေအနေစစ်ဆေးခြင်း၊ မြေတိုင်းတာခြင်း၊ တည်ဆောက်မည့် အဆောက်အဦများ၏ အသေးစိတ်ပုံကြမ်းများရေးဆွဲခြင်း စသည့် လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း။

 

ယခုကဲ့သို့ မြန်မာနိုင်ငံ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန၊ လေ့ကျင့်ရေး နှင့် သုတေသနဌာနကို တည်ဆောက်ပြီးစီးသည့်အခါ လတ်တလောဖြစ်ပွားသည့် ကူးစက်ရောဂါအမျိုးမျိုး၊ အသစ်ဖြစ်ပေါ်လာ နိုင်မည့် ကူးစက်ရောဂါအမျိုးမျိုး၊ တိရစ္ဆာန်မှတစ်ဆင့်ကူးစက် ဖြစ်ပွားသောရောဂါအမျိုးမျိုး၊ ကပ်ရောဂါ အသွင်ဖြင့် ဖြစ်နိုင်သောရောဂါအမျိုးမျိုးတို့နှင့် ပတ်သက်၍ ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများ၊ သင်ကြား လေ့ကျင့်ခြင်းလုပ်ငန်းများသာမက သုတေသနလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများအား တရုတ်နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလားတူ ဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ အခြေခံကျန်းမာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ် များနှင့် ဆေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များကလည်း လာရောက်တွဲဖက် ဆောင်ရွက်မည်ဖြစ် ပါကြောင်း၊ လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ဝန်ကြီးဌာနရှိ နိုင်ငံတစ် ဝန်းလုံးမှ ပြည်သူ့ ကျန်းမာရေးနှင့် သုတေသနပညာရှင်များအား အဆင့်မြင့်သင်တန်းများကို တစ်နှစ်ပတ်လုံး ပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊ ဇီဝလုံခြုံမှုအဆင့်မြင့်သည့် ဓာတ်ခွဲခန်းလည်း ပါဝင်မည်ဖြစ်သဖြင့် ကူးစက်ရောဂါနှင့်ဆိုင်သည့် အဆင့်မြင့် သုတေသနများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဗဟိုဌာနကြီး၌ ခေတ်မီစာကြည့်တိုက် လည်းပါဝင် မည်ဖြစ်ရာဤဌာနကြီး၌ လုပ်ကိုင်မည့် ပညာရှင်များအနေဖြင့် နောက်ဆုံးပေါ်သတင်း အချက်အလက်များ ရယူလေ့လာနိုင်မည်ဖြစ်ပါကြောင်း။

 

ထို့အပြင် ဗဟိုဌာနတွင်လုပ်ဆောင်သော သုတေသနဆန်းစစ်မှုများအပါအဝင် လုပ်ငန်းများမှတစ်ဆင့် ကျန်းမာရေးစနစ်အတွက် လက်တွေ့မြေပြင်အခြေအနေနှင့် ကိုက်ညီပီပြင်သည့် စီမံကိန်းများလည်း ရေးဆွဲချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဤဗဟိုဌာနကြီး ပြီးစီးပြီးနောက်တွင် ကမ္ဘာ့ကျန်းမာရေး အသိအမှတ်ပြုဌာနဖြစ်လာစေရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါ ကြောင်း၊ မိမိအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူ့ ကျန်းမာရေးပညာရှင်များ၊ သုတေသနပညာရှင်များနှင့် ပြည်သူများ၏ကိုယ်စား မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်းအား လှူဒါန်းဆောင်ရွက်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဗဟိုဌာနနှင့် သင်တန်းကျောင်းသည် နိုင်ငံ၏ကျန်းမာရေးကဏ္ဍအတွက် နှစ်ပေါင်းများစွာ အလွန်အကျိုးရှိစေမည်ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၏ အမှတ်အသား တစ်ခုအဖြစ်လည်း နှစ်ပေါင်းများစွာတည်ရှိ နေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် က နှစ်သစ်ကူးကာလ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရိ မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်တော့မည့် အချိန်အခါသမယတွင် တရုတ်နိုင်ငံမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း အကောင်အထည်ဖော် ဆောင်ရေးစီမံကိန်းများ စတင်ခြင်းအခမ်းအနားဖြစ်ကြောင်း။

 

ယခုအကြိမ် မြန်မာနိုင်ငံကို ကူညီတည်ဆောက်ပေးသည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်းမှာ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) အဆောင်၊ လေ့ကျင့်ရေးသင်တန်းကျောင်းအဆောင်၊ အုပ်ချုပ်ရေးရုံးအဆောင်၊ တွဲဖက်လက်တွေ့ စမ်းသပ်ခန်းစက်ပစ္စည်းများ ပါဝင်ပါကြောင်း၊ ဆောက်လုပ်ပြီးစီးပြီးနောက် မြန်မာနိုင်ငံ၌ ခေတ်မီကျွမ်းကျင်မှု အရည်အချင်းအမြင့်ဆုံး ရောဂါထိန်းချုပ်ရေးဗဟိုဌာန ဖြစ်လာမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံကလည်း ၂ နှစ်တာ နည်းပညာပူးပေါင်းဆောင်ရွက်မှုပေးပြီး မြန်မာနိုင်ငံအတွက် သက်ဆိုင်ရာ ကျန်းမာရေးနှင့် နည်းပညာဝန်ထမ်းများကို လေ့ကျင့်မွေးထုတ်ပေးသွားမည် ဖြစ်ပါကြောင်း၊  စီမံကိန်းဖော် ဆောင်မှုကို အရှိန်မြှင့်တင်၍ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် အရေးပေါ်ပြည်သူ့ကျန်းမာရေး ကိစ္စရပ် များကို ထိရောက်စွာဖြေရှင်းရေးတွင် ကူညီပေးရန်အတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိတရုတ်ကုမ္ပဏီကို တည်ဆောက်ရေးတာဝန် ပေးအပ်ထားပြီး စီမံကိန်းကို အမြန်ဆုံးစတင်တည်ဆောက်နိုင်စေပါကြောင်း၊ ယင်းစီမံကိန်းက သိပ္ပံသုတေသန၊ ကပ်ရောဂါကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ လူရည်ချွန်မွေးထုတ်ရေး စသည့်ကဏ္ဍများတွင် အထောက်အကူပြုပြီး မြန်မာနိုင်ငံ ပြည်သူများ၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်စွာ အာမခံချက်ပေးနိုင်ကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက စီမံကိန်းတည်ဆောက်မည့်နေရာတွင် ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။

 

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီကောင်စီဝင် ဦးတင်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ Economic and Commercial Counsellor of Chinese Embassy to Myanmar ဖြစ်သူ Mr. Tan Shufu၊ First Secretary ဖြစ်သူ Ms. Zhou Nan၊ First Secretary ဖြစ်သူ  Mr. Zhang Long၊ တာဝန်ရှိသူများဖြစ်သည့် Mr. Xiao Hongxuan၊ Ms. Wang Kun နှင့် Mr. Huang Taijing တို့ တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်