မိတ္ထီလာ မေ ၁၃

မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ မေ ၁၃ ရက် နံနက်ပိုင်းက  လေကြောင်း လူငယ်သင်တန်း ( ၁/၂ဝ၂၃ ) အခြေခံ လေကြောင်း လူငယ်သင်တန်း (အကြီးတန် အဆင့်)နှင့် အခြေခံ လေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) တို့မှ သင်တန်းသား သင်တန်းသူများသည် သင်တန်းနည်းပြ၊ အုပ်ချုပ်သူများနှင့်အတူ လာရောက်လေ့လာခဲ့ကြသည်။

ဦးစွာ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ လေကြောင်းလူငယ်သင်တန်း (၁/၂ဝ၂၃) အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) တို့မှ သင်တန်းသား သင်တန်းသူများနှင့် သင်တန်းနည်းပြ အုပ်ချုပ်သူများအား ခေတ္တပါမောက္ခချုပ် ဒေါက်တာအောင်မျိုးသူက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးသန္တာကြည်က မြန်မာနိုင်ငံ‌ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းသား သင်တန်းသူများသည် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာပညာတက္ကသိုလ်ရှိ လေကြောင်းနှင့် အာကာသပညာ သုတေသန အလုပ်ရုံ (လေယာဉ်ရုံ)သို့ သွားရောက်လေ့လာရာ စက်နှင့်ပျံသန်းယာဉ် အင်ဂျင်နီယာဌာန၊ လေကြောင်းအီလက်ထရောနစ် အင်ဂျင်နီယာဌာန၊ လေကြောင်းလျှပ်စစ်နှင့်တိုင်းတာရေး အင်ဂျင်နီယာဌာန၊ လောင်စာနှင့် တွန်းကန်ပစ္စည်းအင်ဂျင်နီယာဌာန၊ အာကာသပညာနည်းစနစ် အင်ဂျင်နီယာဌာနတို့မှ ဌာနမှူးများက သက်ဆိုင်ရာ ဘာသာရပ်များအလိုက် လိုက်လံပြသ ရှင်းလင်းပြောကြားသည်။

မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာချုပ်နှင့် မြေပြင်အတတ်သင် လေတပ်စခန်းဌာနချုပ်တို့၌ သင်တန်းစခန်း ၁၇ ခု ရှိ အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံ လေကြာင်းလူငယ်သင်တန်း (အငယ်တန်း အဆင့်) တို့မှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၈ဝ ဦးကို  စခန်းသွင်း လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)