နေပြည်တော် ၂၁ ဒီဇင်ဘာ
မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း(နေပြည်တော်) တတိယအကြိမ် စုံညီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ တပေါင်းကွင်းအတွင်းရှိ ပတ္တမြားခန်းမ၌ ကျင်းပသည်။
ရှေးဉီးစွာ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နေပြည်တော်တာဝန်ခံ ဦးခင်မောင်ဇော်က မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း၏ လက်ရှိ လုပ်ဆောင်နေမှုများ၊ ရွေးကောက်ပွဲကျင်းပမည့် ကိစ္စရပ်များအကြောင်းနှင့် ILAM အသင်း၏ Strategic Plan(2022-2023)ရေးဆွဲခဲ့သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး၊ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း(နေပြည်တော်) ဥက္ကဋ္ဌ ဦးအေးမြင့်မှ နေပြည်တော် အလုပ်အမှုဆောင်နှင့် ဗဟို ကော်မတီဝင်များများ၏ မျက်မှောက်လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်အလားအလာ များအား ဆွေးဆွေးပေးသည်။
ဆက်လက်၍ (ILAM + USAID)စီမံကိန်းရေးဆွဲရေး အဖွဲ့ဝင် ဦးနေထူးက ILAM အသင်း၏ Strategic Plan(2022-2023)ရေးဆွဲခဲ့သည့် ကိစ္စရပ်များကို အသေးစိတ်ရှင်းလင်း တင်ပြဆွေးနွေးပေးသည်။ ယင်းနောက် အမျိုးသမီးရေးရာဆပ်ကော်မတီမှ ဒေါ်စုဒါလီအောင်က အမျိုးသမီးရေးရာ ဆပ်ကော်မတီ၏ လုပ်ငန်းများအကြောင်းကို ရှင်းလင်းတင်ပြပြီး၊ ဒေါ်တင်ပပထွန်းမှ ကော်မတီ၏ အတွေ့အကြုံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း (နေပြည်တော်) အသင်းသားများက သဘောထားမှတ်ချက်များကို တင်ပြကြသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း(နေပြည်တော်)အသင်းဝင်များ တက်ရောက်ကြကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)