နေပြည်တော်၊ ၁၅  ဇန်နဝါရီ 

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို  ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ   အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စုဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသိ အမှတ်ပြု လက်မှတ်ရရှိထားသည့်လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နေဆဲကာလအတွင်း ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ရာတွင်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်များတွင် ဖြေဆိုအောင်မြင်ခဲ့ ကြသည့် ကျွမ်းကျင်လုပ်သား (၁၁၆၅) ဦး၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန (၁၁) ခု၊ Assessor (၉) ဦး နှင့်Inspector (၂၂) ဦးတို့ကို Online ဖြင့် ပထမဆုံးအကြိမ် အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခြင်းဖြစ်ကြောင်း။

NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှ စတင်၍ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ရေးဆောင်ရွက်ခဲ့ရာ ယနေ့ထိအလုပ်အကိုင် အမျိုးပေါင်း (၃၀)အတွက် အောင်မြင်သူ ကျွမ်းကျင်လုပ်သား ၁၆,၅၁၉ ဦးရှိကြောင်း၊ ယခုအခါ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်လုပ်သား ၃၀၀၀ စစ်ဆေးအကဲဖြတ်ရန် လျာထား သတ်မှတ်ထားသည့်အတွက် New Normal နှင့်ကိုက်ညီသည့် စစ်ဆေးအကဲဖြတ်မှုများကို ယခု ဇန်နဝါရီမှ စတင်ပြီး ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အတွင်းရှိ စစ်ဆေးအကဲဖြတ်ရေးဌာနများတွင် တစ်ကြိမ်လျှင် ဖြေဆိုသူ(၂၀) သတ်မှတ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ကမ္ဘာ့အလုပ်အကိုင်လောကတွင် လုပ်ကိုင်ရမှုပုံစံများ လျင်မြန်စွာ ပြောင်းလဲလာပြီး ကာယလုပ်သား လိုအပ်ချက်ထက် ဉာဏလုပ်သားလိုအပ်ချက် များလာနိုင်သောကြောင့် အလုပ် အကိုင် အသစ်များတွင်ကျွမ်းကျင်မှု ကူးပြောင်းဆောင်ရွက်နိုင်ရန်လိုအပ်သည့် ကျွမ်းကျင်မှု အသစ်များ ကြိုတင်ဖြည့်ဆည်းထားနိုင်ရေး အပတ်တကုတ်ကြိုးပမ်းအား ထုတ်ရန်လိုကြောင်း၊ လုပ်သားများအနေဖြင့် နိုင်ငံတော်မှဘဏ္ဍာငွေအကုန်အကျခံပြီး ဆောင်ရွက်ပေးနေသည့် ကာလ တွင် မိမိတို့ ကျွမ်းကျင်မှုကို စစ်ဆေးအကဲဖြတ် အသိအမှတ်ပြုခံနိုင်ရေး အလေးထား ဆောင်ရွက် စေလိုကြောင်း၊ အလုပ်ရှင်များအနေဖြင့်လည်း လုပ်သားများကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခံ နိုင်ရေး ပူးပေါင်းပါဝင်စေလိုကြောင်း၊ ယနေ့ ဒီဂျစ်တယ်ခေတ်တွင်လေ့လာသင်ယူမှုများ လက်လှမ်းမီလာပြီး သင်ယူလိုစိတ်ရှိပါက အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ရေး အဖက်ဖက်မှ စီစဉ်ဖန်တီး ပေးလျက်ရှိကြောင်း၊ NSSA မှ NSSA Web Portal ကိုတည်ထောင်ထားပြီး အလုပ်ရှင်များ၊ အလုပ်သမားများအနေဖြင့် NSSA ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးအတွက် သိရှိလိုသည်များကို Web Portal မှ တစ်ဆင့် အချက်အလက်များ ရယူနိုင်မည် ဖြစ်ကြောင်း၊

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများ လာရောက် နေထိုင်လုပ်ကိုင်မှုများပြားရသည့် အကြောင်းရင်း ဆန်းစစ်လေ့လာမှုစစ်တမ်းအစီရင်ခံ စာအရ ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များသို့ ရွှေ့ပြောင်းလာသည့် အလုပ်သမားများတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ အများဆုံးရွှေ့ပြောင်း လာရောက်ကြကြောင်း၊ အမျိုးသမီးရွှေ့ပြောင်းလုပ်သား ၅၀ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ လုပ်သား အများစုသည် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ပြီးမြောက်သူများကြောင်း၊ အထည်အလိပ်နှင့် အထည်ချုပ်ဆိုင်ရာလုပ်ငန်းများတွင် လုပ်ကိုင်သူများကိုတွေ့ရှိရသဖြင့် အဆိုပါ တိုင်းဒေသကြီး နှင့်ပြည်နယ်များအတွင်းရှိ လုပ်သားများကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ယခု ကိုဗစ်-၁၉ ကာလအတွင်း အထည်ချုပ်စက်ရုံ၊ အလုပ်ရုံအချို့တွင် အလုပ်သမား လျော့ချမှုများရှိရာ လျော့ချခံရသော အလုပ်သမားများအတွက် ယခုကာလအတွင်းအထည်ချုပ် ကျွမ်းကျင်မှုသင်တန်းများ တက်ရောက်နိုင်ရေးစီစဉ်ခြင်း၊ ကျွမ်းကျင်မှုဆိုင်ရာ စိစစ်အကဲဖြတ်ခံယူ၍ အထည်ချုပ်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ရယူထားခြင်းများ ဆောင်ရွက်ထားရန် လိုကြောင်း၊ မြန်မာ့စီးပွားရေးကုစားမှုနှင့် ပြန်လည်ထူထောင်ရေး အစီအမံနှင့်အတူပေါ်ပေါက်လာမည့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် အဆင်သင့်ဖြစ်နေ စေရေးကိုလည်း အလုပ်သမားများ၊ အလုပ်ရှင်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ ဆက်စပ်ဝန်ကြီးဌာန များကဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊
အနာဂတ်အလုပ်အကိုင်သစ်များတွင် Green Economy ကို အထောက်အပံ့ဖြစ်စေသော Green Skills များ၊ New Skills များပါဝင်သော အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် ခေတ်သစ်ဒီဂျစ်တယ်နည်းပညာများနှင့် ယှဉ်တွဲနေသော အလုပ်အကိုင်များ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများမှ ဝင်ရောက်လာသော အလုပ်အကိုင်များ၊ ကျွမ်းကျင်မှု ကွာဟချက် ကြိုတင်သုတေသနပြုပြီးသက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဖော်ထုတ်သတ်မှတ်နိုင်ရေး လျာထား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပုံစံသစ်ပြောင်းလဲဆောင် ရွက်နေသည့် လက်ရှိကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလများတွင် ကျွမ်းကျင်လုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရေး NSSA က သိအမှတ်ပြုပေးသည့် အလုပ်အကိုင် အလိုက် အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို လုပ်သားများအား ပိုမို ပေးအပ်နိုင်ရေး အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသိအမှတ်ပြု လက်မှတ်ရရှိသည့် Assessor များ၊ Assessment Center များမှ ကိုယ်စားလှယ်များ၊ အသိအမှတ် ပြုလက်မှတ်ရရှိသည့် ကျွမ်းကျင်လုပ်သားများ၏ကိုယ်စားလှယ်များကို အသိအမှတ်ပြုလက်မှတ် များ ပေးအပ်သည်။ ဆက်လက်၍ Inspector အသိအမှတ်ပြု လက်မှတ်ရရှိသူများကိုယ်စား အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က NSSA နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အလုပ်ရှင်ကိုယ်စားလှယ်နှင့် ဖြေဆိုအောင်မြင်ခဲ့သည့် လုပ်သားများကိုယ်စား လုပ်သားကိုယ်စားလှယ်တို့က ကျေးဇူးတင်စကားပြောကြားသည်။ 

အခမ်းအနားသို့ NSSA မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိ အမှတ်ပြုရေး ကော်မတီနှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီမှ တာဝန်ရှိ သူများ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်ရေး ဌာနများမှ တာဝန်ရှိသူများ၊ အသိအမှတ်ပြုလက်မှတ်ရယူကြမည့် Inspector များ၊ Assessor များ၊ စစ်ဆေးအကဲဖြတ်ရေးဌာနများနှင့် ကျွမ်းကျင်လုပ်သားများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်