တံတားဦး ၁၀ စက်တင်ဘာ
၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီက တံတားဦးမြို့ တောင်ဘီလူအခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးက လူကုန်ကူးမှု တိုက်ဖျက်ရေးအကြောင်း ဟောပြောရာတွင် မည်သူမဆို အချိန်မရွေး နေရာမရွေး လူကုန်ကူးခံရနိုင်ပါကြောင်း၊ လူကုန်ကူးခြင်းသည် ခေါင်းပုံဖြတ်ဖို့ ရည်ရွယ်ပါကြောင်း၊ လူကုန်ကူးခြင်းမှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးပြီး အနိုင်အထက်ပြုခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ သွေးဆောင်ခေါ်ယူခြင်း၊ အာဏာသုံးခြင်း၊ ရပ်တည်ဖို့ ခက်ခဲတဲ့ ဘဝအခြေအနေကို အလွဲသုံးစားပြခြင်း ဒါ့အပြင် လူစုဆောင်းခြင်း၊ ပို့ဆောင်လွှဲပြောင်းခြင်း၊ ရောင်းချခြင်း စသည့်တို့ ပါဝင်ကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ် ဥပဒေအရာရှိ ဦးရှိုင်းမွန်ကျော် က လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်သည့် ကျောင်းသား/သူများ သိသင့်သိထိုက်သည့် ဥပဒေအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများက ကျောင်းတွင်းလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ပန်းချီပုံများကိုလေ့လာကြည့်ရှုအားပေးကြသည်။
အဆိုပါအခမ်းအနားသို့ တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီ၊ ဦးဝဏ္ဏအောင်၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းသား မိဘများ တက်ရောက်ကြကြောင်း သိရှိရသည်။
ရဲတင့်(ပြန်/ဆက်ဦးစီးဌာန)


