နေပြည်တော် မတ် ၂၈
မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ် စီမံကိန်း အကောင်အထည် ဖော်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ်ရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သော လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက် ရေးဆိုင်ရာ စတုတ္ထ(၅) နှစ်စီမံကိန်း(၂၀၂၂-၂၀၂၆)၏ ၂၀၂၃ ခုနှစ်လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို အောင်မြင်အောင် အကောင်အထည် ဖော်ဆောင် ရွက်နိုင်ရန်၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ကိုအကြံပြုဆွေးနွေး ပေးရန်ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း။
မြန်မာနိုင်ငံသားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် အခြား ပြည်ပနိုင်ငံများကို ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်မှုများ များပြားနေသောကြောင့် နယ်စပ်ဒေသများတွင် တားဆီးပညာပေးပြီး နေရပ်ပြန်လွှတ်နေရသည့် ဖြစ်စဉ်များတွင် ရွှေ့ပြောင်းသွားရောက်ကြသူများသည် မြန်မာနိုင်ငံအတွင်းပိုင်းဒေသ အသီးသီးမှ လာရောက် ကြသူများဖြစ်သည့်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ချင်း ဆက်စပ်နေသော စစ်ဆေးရေးဂိတ်များ၌ ကြပ်ကြပ်မတ်မတ် စစ်ဆေးဆောင်ရွက်နိုင်မှသာ တရားမဝင်သွား ရောက်ခြင်း၊ လူမှောင်ခိုကူးခြင်းနှင့် လူကုန်ကူးခြင်း တို့ကို နယ်စပ်မရောက်မီ မိမိနိုင်ငံအတွင်း မှာပင် အချိန်မီ တားဆီးဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။
နိုင်ငံခြားသားများအနေဖြင့် ကွန်ပျူတာ၊ နည်းပညာနှင့်ဆက်စပ်သည့် အလုပ်လုပ်ကိုင်ရန် အွန်လိုင်းမှတစ်ဆင့် လစာကောင်းသည့် အလုပ်ရမည်ဟု ပြောဆိုစည်းရုံး၍ လိမ်လည်ခေါ်ဆောင်မှုများကြောင့် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံနယ်စပ်မြို့များသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ တရားဝင် ဝင်/ထွက်ပေါက် များမှတစ်ဆင့် မြန်မာနိုင်ငံသို့ လာရောက်ကြသူများ မဟုတ်ကြောင်း။
မြန်မာနိုင်ငံတွင် အခက်အခဲဒုက္ခကြုံတွေ့နေရသော နိုင်ငံခြားသားများအား သက်ဆိုင်ရာ သံရုံးများနှင့် NCB လမ်းကြောင်းမှတစ်ဆင့် အကူအညီတောင်းခံမှုများရှိခဲ့ကြောင်း၊ နိုင်ငံ အတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိပြီး ဒုက္ခရောက်နေသော နိုင်ငံခြားသားများကို ရှာဖွေကယ်တင်နိုင်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးကို ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ ခြင်းသည် သက်ဆိုင်ရာဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ၏ ရလဒ်ပင်ဖြစ်ပါကြောင်း။
ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူ ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင် သတင်းပေးကူညီမှုများသည် အရေးပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် အမျိုးသားရေး အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်လာစေရန်အတွက် ထိတွေ့ဆက်ဆံနေရသည့် ဌာနဆိုင်ရာများအနေဖြင့် အသိပညာပေးမှုများ၊ စည်းရုံးဆွေးနွေး မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များက ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အကောင် အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများကိုအကြံပြုဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေး ချက်များ နှင့်စပ်လျဉ်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးက ခြုံငုံသုံး သပ်ဆွေးနွေးကြကာ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် က ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအား ရလဒ်တစ်ခု ထွက်ပေါ်လာသည်အထိ ဆောင်ရွက်ပေး စေလိုကြောင်းနှင့်လုပ်ငန်းစဉ်များကို သတ်မှတ် ကာလအတွင်း ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်အောင်ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်