ရန်ကုန် ၁၃ စက်တင်ဘာ
၂၀၁၉ ခုနှစ် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုဥပဒေကို ၂၀ဝ၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ထိုပြဋ္ဌာန်းခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဟု သတ်မှတ်ပြီး ၂၀၁၃ ခုနှစ်မှ စတင် ပြုလုပ်ခဲ့ကာ ယခုဆိုလျှင် သတ္တမအကြိမ်မြောက် ရောက်ရှိပြီဖြစ်ကြောင်း၊
လူကုန်ကူးမှု ပြဿနာသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာ ခေါင်းပုံဖြတ် အမြတ်ထုတ်သည့် လူ့အခွင့်အရေးချိုးဖောက်မှု တစ်ခုပင်ဖြစ်ကြောင်း၊ လူကုန်ကူးမှုများသည် ပုံသဏ္ဌာန်အမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိပြီး လူကုန်ကူးမှု၏ဒဏ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ခံစားနေရကြောင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနောက်ကျသည့် နိုင်ငံများတွင် လူကုန်ကူးမှု၏ ဆိုးကျိုးအား ပိုမိုခံစားရသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂမူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုဆိုင်ရာ ၂၀၁၈ ခုနှစ် လူကုန်ကူးမှု အစီရင်ခံစာ ထုတ်ပြန်ချက်နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာများဖြင့် စိစစ်ဖော်ထုတ်ချက်များအရ လူကုန်ကူးခံရသူ အရေအတွက် များပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အစီရင်ခံစား၏ ဒေသအလိုက် ဖော်ပြချက်များတွင် အရှေ့အာရှ၊ ပစိဖိတ်ဒေသ၌ မြန်မာနိုင်ငံအား ထည့်သွင်းဖော်ပြထားပြီး ဒေသတစ်ခု၏ လူကုန်ကူးခံရသူ အမျိုးအစားအား ကြည့်မည်ဆိုလျှင် အမျိုးသား (၂၉) ရာခိုင်နှုန်း၊ အမျိုးသမီး (၄၈)ရာခိုင်နှုန်း၊ ကလေးသူငယ် ယောက်ျားလေး (၄)ရာခိုင်နှုန်း၊ မိန်းကလေး (၁၉)ရာခိုင်နှုန်း တို့အား ဖော်ပြထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ လူကုန်ကူးမှု အမျိုးအစားများတွင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု (၆၀)ရာခိုင်နှုန်း၊ လုပ်အား ခေါင်းပုံဖြတ်မှု (၃၈)ရာခိုင်နှုန်း၊ အခြားလူကုန်ကူးမှု (၂)ရာခိုင်နှုန်းဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊
အရှေ့အာရှ နှင့် အရှေ့တောင်အာရှဒေသများဖြစ်သည့် မြန်မာ၊ မွန်ဂိုလီးယား စသည့်နိုင်ငံများတွင် အမျိုးသမီးများလူကုန်ကူးခံရမှုများနှင့် ပတ်သက်၍ စိစစ်ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အမျိုးသမီးများ လူကုန်ကူးမှုနှင့် ပတ်သက်၍ အများဆုံးတရားစီရင် ဆွဲဆိုချက် ပြုလုပ်ထားသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လူကုန်ကူးမှု ဖြစ်ပွားစေသည့်ကိစ္စများမှာ စီးပွားရေး၊ သဘာဝ ဘေးအန္တရာယ်၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ စသည့်အခြေအနေများကြောင့် ဖြစ်ကြောင်း၊ ဒီအခြေအနေတွင် မြန်မာနိုင်ငံသားများအနေဖြင့် ပွဲစားများ၏ မက်လုံးပေး စည်းရုံးမှုများကြောင့် ပြည်ပနိုင်ငံအသီးသီးကို တရားဝင်သည့်နည်းဖြင့်ဖြစ်စေ၊ တရားမဝင်သည့်နည်းဖြင့် ဖြစ်စေ ရွှေ့ပြောင်းသွားလာလုပ်ကိုင်နေကြသော လူကုန်ကူးခံရသူများကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်အလုပ်လုပ်ကိုင် နေကြသူများ အနေဖြင့်လည်း တရားမဝင်သွားရောက် လုပ်ကိုင်နေကြရာမှ လူကုန်ကူးခံနေကြရကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် သတ်မှတ်ပြီး လူကုန်ကူးမှုပပျောက်စေရန် ဘက်ပေါင်းစုံမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး (၅)နှစ် စီမံကိန်းကို ရေးဆွဲပြီး နှစ်အလိုက်လုပ်ငန်းစီမံချက်များကို သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သည့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မူဝါဒများကို ကြိုးပမ်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေး၊ ကာကွယ်စောင့်ရှောက်ရေး စသည့် လုပ်ငန်းတာဝန်(၄)ရပ်ကို အင်တိုက်အားတိုက်ဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှု ဗီဒီယို မှတ်တမ်းကိုပြသပြီး ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က ဆုများကို ပေးအပ်ချီးမြှင့်သည်။
လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်းစိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ အားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်၍ အဆိုပါ အခမ်းအနားကိုကျင်းပခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်မှာ ``လူကုန်ကူးမှု အန္တရာယ် ဝိုင်းဝန်းပူးပေါင်းတို့ ကာကွယ်´´ ဖြစ်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်နှင့် ရဲအရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


