ရန်ကုန် ဒီဇင်ဘာ ၂၅
မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်း၏ စတုတ္ထအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၌ ဗီဒီယိုကွန်းဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက Video Message ပေးပို့၍ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံလူမွဲ ခံယူခြင်းဆိုင်ရာကျွမ်းကျင် သူများ အသင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇွန် (၁) ရက်မှ စတင်တည်ထောင်ခဲ့ရာ ယခု ဆိုလျှင်သက်တမ်း (၄)နှစ်ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင် သူများကြီးကြပ်ရေးကောင်စီအနေဖြင့်လည်း လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ နှင့်စပ်လျဉ်းပြီး ဥပဒေဆိုင်ရာလိုအပ်ချက်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့်ပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အသင်းသားများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အရည်အချင်းများ တိုးတက်စေရေးဆောင်ရွက်ကြရန်နှင့် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းတာဝန်များကို ကျွမ်းကျင်မှုဖြင့် ထိရောက်စွာ ထမ်းဆောင်နိုင်ကြသူများအဖြစ် အလေးထားကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသဘာပတိ အသင်း၏ဥက္ကဋ္ဌ ဦးမိုးကျော်က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး အသင်းတာဝန်ရှိသူများက အသင်း၏ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ ပြင်ပစာရင်းစစ်အစီရင်ခံစာ တို့ကို ဖတ်ကြားတင်ပြ အတည်ပြုခြင်း၊ ဒါရိုက်တာအဖွဲ့ဝင်များ အသစ်ခန့်အပ်ခြင်း၊ ပြင်ပစာရင်းစစ်ခန့်အပ်ခြင်းနှင့် အခကြေးငွေ သတ်မှတ်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး အစည်းအဝေးသဘာပတိ ဦးမိုးကျော်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ အခမ်းအနားသို့ အသင်း၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းဝင်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


