နေပြည်တော် ဇူလိုင် ၅
မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၄ ရက် နံနက်ပိုင်းက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က “လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ထူးခြားသော အင်အားစုတစ်ရပ် ဖြစ်ကြောင်း၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံတော်မှ ချမှတ်ပေးထားသော မူဝါဒ(၇)ရပ်၊ ရည်မှန်းချက်(၇)ရပ်၊ လုပ်ငန်းစဉ်(၁၀)ရပ်တို့နှင့်အညီ လူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောင်မြင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီ၏ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀)၏ မဟာဗျူဟာများ၊ ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များနှင့် ချိတ်ဆက်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုအစည်းအဝေးမှ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များကို မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားသည်။ ယင်းနောက် လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက ဦးစီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍများ၊ အာဆီယံတွင် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ခြုံငုံသုံးသပ် ဖြည့်စွက် ပြောကြားခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ လူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီဝင် ညွှန်ကြားရေးမှူးချုပ်များ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်