နေပြည်တော် ၁၇ နိုဝင်ဘာ
မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးလှကျော် အမြဲတမ်းအတွင်း၀န် ဦးကျော်မင်းဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယ၀န်ကြီးက အမှာစကားပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြသူများက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည့်စုံသောမူဝါဒများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ဆောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက်အရ မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ဆည်မြောင်း၊ ရေနုတ်မြောင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ရေစီမံခန့်ခွဲမှုစနစ်သာမက စိုက်ပျိုးရေး အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းများ၊ ကျေးလက်အိမ်ထောင်စုများ၏ မြေယာပိုင်ဆိုင်မှုနှင့် ပိုင်ဆိုင်မှုအခွင့်အရေးများကို ပိုမိုအားကောင်းစေရန်နှင့် သင့်လျော်သော ဒစ်ဂျစ်တယ်နည်းများဖြင့် မြေယာမှတ်ပုံတင်ခြင်း စနစ်ကို အားကောင်းလာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ၊ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
အလားတူ ကန်ထရိုက်လယ်ယာ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား အရှိန်မြှင့်တင် ဆောင်ရွက်ရန်၊ တန်ဖိုးမြှင့် စားသောက်ကုန် လုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန် အခြေခံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များအား တန်ဖိုးမြှင့်တင်ခြင်း၊ စားသောက်ကုန် လုပ်ငန်းရှင်များနှင့် အခြေခံ ထုတ်လုပ်သူများအကြား ချိတ်ဆက်မှု အားကောင်းလာစေရေးတို့အတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် စက်မှုလယ်ယာ ဖော်ဆောင်ရေးတွင်လည်း လယ်ယာသုံး စက်ကိရိယာများနှင့် စက်ပစ္စည်းများကို အရစ်ကျ ချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်၊ ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရေး လုပ်ငန်းများတွင် အမျိုးသမီးများ၊ လယ်သမားများနှင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ စိုက်ပျိုးရေးကဏ္ဍ၊ ငါးမွေးမြူရေးလုပ်ငန်းနှင့် အစားအစာ ကဏ္ဍတို့တွင် ရွေ့လျား အသက်မွေးဝမ်းကျောင်း သင်တန်းများအား ဆောင်ရွက်သွားရန်၊ တောင်သူများ၏ စိုက်ပျိုးရေး ထွက်ကုန်များအတွက် ဝယ်လိုအား လိုအပ်ချက်အရ အမှာစာများ ပေးပို့နိုင်ရေးကို ခွင့်ပြုပေးခြင်းဖြင့် စိုက်ပျိုးရေး ထွက်ကုန်ရောင်းလိုအားနှင့် ဝယ်လိုအားအကြား ချိတ်ဆက်မှုအားကောင်းစေရေးအတွက် မိုဘိုင်းအက်ပလီကေးရှင်းကဲ့သို့ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးကို ဖွံ့ဖြိုးတိုးတက်စေရန်၊ ကိုဗစ်-၁၉ ကာလလွန် မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့်အညီ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


