နေပြည်တော် မတ် ၁၉

 

မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များ စဉ်ဆက်မပြတ် အသုံးပြုခြင်းနှင့်ထိန်းသိမ်းကာကွယ်ခြင်း စီမံကိန်း ကနဦး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃ ဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းကာလ ၂၀၂၃ အောက်တိုဘာမှ ၂၀၂၅ စက်တင်ဘာလအထိ ၂ နှစ်ကြာမြင့်မည် ဖြစ်ကြောင်း၊ စီမံကိန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းခရိုင်နှင့် ကျိုင်းတုံခရိုင်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်း ဧရိယာအတွင်းရှိ ဆေးဖက်ဝင်အပင် မျိုးစုံမျိုးကွဲများကို သုတေသနပြု လေ့လာဖော်ထုတ်ခြင်း၊ ဌာနေ တိုင်းရင်းသားလူမျိုးစုများ အသုံးပြုသော သဘာဝဆေးဖက်ဝင်အပင်များကို လေ့လာမှတ်တမ်းပြုစုခြင်း၊ ရှားပါး၍ မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ်များ၊ ဒေသရင်း မျိုးစိတ်များ၊ စီးပွားရေးအရ အ‌ရေးပါသောမျိုးစိတ်များကို ကာကွယ်ထိန်းသိမ်းခြင်း၊ သုတေသန တွေ့ရှိ ချက် ရလဒ်များကို မဲခေါင်မြစ်ဝှမ်း ဒေသနိုင်ငံများနှင့် အာဆီယံနိုင်ငံများသို့ ဖလှယ်ရန်အတွက် Database စနစ်တစ်ခု တည်ထောင်ခြင်းလုပ်ငန်းများအား အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းကို ဌာနေတိုင်းရင်းသားလူမျိုးစုများ၊ သစ်တော ဝန်ထမ်းများ၊ သုတေသနပညာရှင်များ၊ ဆက်စပ်ဌာနများ  ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး သုတေသနတွေ့ရှိချက်များကို အခြေခံ၍ သဘာဝဆေးဖက်ဝင်အပင်များ စနစ်တကျစီမံအုပ်ချုပ်နိုင်မည့် သင့်တော်သောထိန်းသိမ်းကာကွယ်ခြင်း နည်းလမ်းများကို ဌာနေတိုင်းရင်းသားလူမျိုးစုများအား ဖြန့်ဝေသွား နိုင်မည်ဖြစ်ကြောင်း။

 

ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ပါဝင်သည့် သုတေသနလုပ်ငန်း အစီအစဉ်များကို တင်ပြဆွေးနွေးကြမည်ဖြစ်ရာ တက်ရောက်လာကြသူများကလည်း စီမံကိန်း မျှော်မှန်းချက်များ ပြည့်စုံအောင်မြင်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားပြီး စီမံကိန်းဧရိယာအတွင်း ကနဦး လေ့လာတွေ့ရှိထားသော ဆေးဖက်ဝင်အပင်များ ပြသထား မှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်ရှိ ဝန်ထမ်းများ ရုံးသုံးအခြေခံ ကွန်ပျူတာသင်တန်း ပို့ချနေမှု၊ စီမံကိန်းနှင့်စာရင်းအင်းဌာနရှိ ဂြိုလ်တု ဓာတ်ပုံ သတင်းအချက်အလက်များကို Remote Sensing and GIS နည်းပညာအသုံးပြု၍ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ခန့်မှန်းချက်အစီရင်ခံစာ (FRA 2025) ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေမှု၊ ခရိုင်တစ်ခု ချင်းအတွက် ရွက်အုပ်ပိတ်တော၊ ရွက်အုပ်ပွင့်တော၊ ဒီရေတော၊ တောနိမ့်၊ စိုက်ပျိုးမြေ စသည်ဖြင့် သစ်တောဖုံးလွှမ်းမှု ဆန်းစစ်ခြင်းဆောင်ရွက်နေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)