နေပြည်တော်  ၁၃ သြဂုတ် 

မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ ကမ္ဘာ့မိခင်နို့စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း နေပြည်တော်၌ကျင်းပသည်။

 

11

 

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံ၏အနာဂတ်များဖြစ်သော ကလေးငယ်များနှင့် ကလေးမိခင်များ၏ ကျန်းမာရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ယနေ့ကျင်းပသည့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှုသည် ယခုသြဂုတ်လ တစ်လတည်းအတွက်သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ တစ်နှစ်ပတ်လုံးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခု (၂၀၁၉) ခုနှစ်၊ ကမ္ဘာ့မိခင်နို့ စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှု၏ ဆောင်ပုဒ်ဖြစ်သော “အာဟာရတွင် မြှုပ်နှံကာ လက်တွဲတူညီဆောင်ရွက်ပါ၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှာ (Invest in Nutrition: Joins hand in building the Nation)” နှင့်အညီ အားလုံးလက်တွဲ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။ 

 

2

 

ဘက်စုံအာဟာရပြည့်ဝမှုသည် လူတစ်ဦးချင်းစီ၏ ကိုယ်ခန္ဓာ၊ ဦးနှောက်နှင့် ဉာဏ်ရည် ဖွံ့ဖြိုးမှုတို့အတွက် အလွန်အရေးကြီးပါကြောင်း၊ (၂၀၁၅) ခုနှစ်တွင် ကောက်ယူခဲ့သည့် မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၁၅-၂၀၁၆) (Myanmar Demographic and Health Survey) တွေ့ရှိချက်များအရ မွေးစမှ (၆)လအထိမိခင်နို့ တစ်မျိုးတည်းတိုက်ကျွေးမှုနှုန်းမှာ (၅၁ ဒသမ ၂) ရာခိုင်နှုန်းသာရှိနေပါကြောင်း။

အာဟာရချို့တဲ့ရခြင်း၏ အကြောင်းရင်းခံများအနက် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း၊ ငွေကြေးမတတ်နိုင်ခြင်း၊ ငွေကြေးတတ်နိုင်သော်လည်း အစာအုပ်စုစုံလင်မျှတစွာ မစားသုံးခြင်း၊ မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများကို မသိရှိခြင်း၊ မိခင်နို့စနစ်တကျတိုက်ကျွေးမှုမရှိခြင်း၊ အစားအသောက်များ၏ အာဟာရဓာတ်ပါဝင်မှုကို မသိရှိခြင်း၊ သားဆက်ခြားနည်းလမ်းများ သုံးစွဲမှုအားနည်းခြင်း၊ ကျန်းမာရေးစာတတ်မြောက်မှု အားနည်းခြင်း စသည့် အချက်များပါဝင်ပါကြောင်း။

မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များအနေဖြင့် ပြည်သူများဒေသထွက် စားသောက်ကုန်များဖြင့် အာဟာရပြည့်ဝစွာ စားသုံးရန်၊ မိခင်နို့စနစ်တကျတိုက်ကျွေးရန်၊ ကလေးငယ်များအတွက် ရောဂါကာကွယ်ဆေးများအား အကြိမ်ရည်ပြည့် ထိုးနှံမှုခံယူစေရန်တို့နှင့် ပတ်သက်၍ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆေးခန်းများတွင် ကျန်းမာရေးအသိပညာပေးခြင်းကို ကူညီလုပ်ဆောင် သွားစေလိုပါကြောင်း၊ အထူးသဖြင့် သွားလာရခက်ခဲသောဒေသများနှင့် ကျေးလက်တောရွာများတွင် ကျန်းမာရေးစကားဝိုင်းငယ်များ ပြုလုပ်ခြင်းတို့ကို အလေးထားဆောင်ရွက် သွားစေလိုပါကြောင်း။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၉ ဒသမ ၇) သန်းခန့်ရှိသော ကျောင်းသားလူငယ်ထုကြီး အာဟာရပြည့်ဝဖွံ့ဖြိုးကာ ပိုမိုကျန်းမာလာစေရေးအပါအဝင် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပြီး လုပ်ငန်းစဉ် (၇) ရပ်ကို ချမှတ်လုပ်ဆောင်လျက်ရှိရာ အသင်းကြီးအနေဖြင့် အဆိုပါလုပ်ငန်းစဉ်များတွင်လည်း ဝန်ကြီးဌာနနှင့် အတူတကွလက်တွဲ၍ ပါဝင်ဆောင်ရွက်စေလိုပါကြောင်း။

အသင်း၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျန်းမာရေးဌာန အကြီးအကဲများ၊ တိုက်နယ်နှင့် မြို့နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်စေလိုပါကြောင်း။

အသင်းကြီးများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုနှင့် အောင်မြင်မှုအခြေအနေများကို ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်၍ မူဘောင်များချမှတ်ရေးဆွဲခြင်းနှင့် ဦးစားပေးလုပ်ငန်းစဉ်များ သတ်မှတ်ခြင်းတို့ဖြင့် ပြည်သူများအတွက် သိသာမြင်သာသည့် အကျိုးရလဒ်ကောင်းများရရှိစေမည့် လုပ်ငန်းများကို ဆောင်ရွက်သွားစေလိုပါကြောင်း၊ အသင်း၏ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ပိုမိုထိရောက်စေရန်အတွက် အသင်းဝင်များဆောင်ရွက်ရန် လုပ်ငန်းလမ်းညွှန်များကိုစုစည်း၍ စာအုပ်တစ်ခုပြု လုပ်ကာတိုင်းဒေသကြီး/ ပြည်နယ်အဆင့် အသင်းခွဲများအပါအဝင် အသင်းဝင်များအားလုံး သိရှိဆောင်ရွက်နိုင်ရန် ဖြန့်ဝေသွားစေလိုပါကြောင်း၊ ထိုသို့ပြုစုရာတွင်လည်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပညာရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အသင်းကြီး၏ လုပ်ဆောင်ချက်များ ထူးချွန်ပြောင်မြောက် ပီပြင်လာသည်နှင့်အမျှ မြန်မာနိုင်ငံရှိ မိခင်နှင့်ကလေးများ၏ ကျန်းမာရေးအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းဆား၊ ကိုယ်ဝန်ဆောင်အားဆေးနှင့် အနှီးပိတ်များပေးအပ်ခဲ့ပြီး အခမ်းအနားအထိမ်းအမှတ် ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

သတင်းစဉ်