၅   နိုဝင်ဘာ 

မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုစောင့်ကြည့်ရေးအဖွဲ့ မြန်မာနိုင်ငံ၏ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် (ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)) မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်မြို့ ဂရင်းဟံသာဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိရာမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၄ ရက် ည ၆ နာရီ ၅၇ မိနစ်၌ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဒေါက်တာထွန်းလွင်အား မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကုလားကျေးရွာ၌ ဖခင် ဦးသိမ်းမောင်၊ အမိ ဒေါ်အေးကြီးတို့မှ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ဦးအနက် အကြီးဖြစ်ပြီး မန္တလေးမြို့ ဖားသားလဖုန်းအထိမ်းအမှတ် အထက်တန်းကျောင်းမှ သင်္ချာရည်ချွန်ဖြင့် အထက်တန်းအောင်ပြီး မန္တလေးမြို့ရှိ မိုးလေဝသဌာန အထက်မြန်မာပြည်ဒေသ၌ရုံးတွင် တိုင်းထွာရေးမှူးရာထူးဖြင့် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

ဆက်လက်ပြီး ၁၉၇၁ ခုနှစ်တွင် မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှသိပ္ပံဘွဲ့ (ရူပဗေဒ)ရရှိခဲ့သည်။ တစ်ဖန် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် တက္ကသိုလ်မှ သိပ္ပံဘွဲ့ (မိုးလေ၀သ)၊ မဟာသိပ္ပံဘွဲ့ (မိုးလေ၀သ)၊ ရန်ကုန်တက္ကသိုလ်မှ ပါရဂူဘွဲ့(ရူပဗေဒ)များ ရရှိခဲ့သည်။ မိုးလေဝသဌာနတွင် ရာထူးအဆင့်ဆင့် တာဝန်ထမ်းဆောင်ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်၊ အာရှဒေသ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးရေး ၂၈ နိုင်ငံအဖွဲ့ ဦးဆောင်ကော်မတီဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၅ ခုနှစ် မေ ၃ ရက်မှစ၍ တိုင်းထွာရေးမှူးရာထူးမှ ညွှန်ကြားရေးမှူးချုပ်တာဝန်အထိ ၄၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ အသံလွှင့်ဟောပြောချက်များကို မြန်မာ့ရုပ်မြင်သံကြားတွင် လည်းကောင်း၊ ဆောင်းပါးများကို နိုင်ငံပိုင်သတင်းစာများနှင့် ပုဂ္ဂလိကစာနယ်ဇင်းများတွင် လည်းကောင်း ရေးသားဟောပြောခဲ့သည်။ ထို့အပြင် နိုင်ငံတစ်ဝန်း မိုးလေဝသဆိုင်ရာ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ရေးအဖွဲ့ (Myanmar Climate Change Watch) ကို ထူထောင်ရန် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေသူ မိုးလေ၀သပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ။

ဒေါက်တာထွန်းလွင်သည် စက်မှုစီးပွားထူးချွန်ဆု (ဒုတိယအဆင့်) အပါအ၀င် ဆုတံဆိပ်ငါးခုကို နိုင်ငံတော်မှ ချီးမြှင့်ခြင်းခံခဲ့ရသည်။ မန္တလေးတက္ကသိုလ် ရူပဗေဒဌာန၏ ပညာရည်ထူးချွန်ဆု၊ အကောင်းဆုံးသိပ္ပံဘွဲ့ယူ စာတမ်းဆု၊ အကောင်းဆုံးပါရဂူဘွဲ့ယူစာတမ်းဆု၊ ဆရာအထိမ်းအမှတ်ပါရဂူ ဘွဲ့ယူစာတမ်းဆု၊ မြန်မာနိုင်ငံ ဝိဇ္ဇာ-သိပ္ပံ ပညာရှင်အသင်း၏ အကောင်းဆုံး ပါရဂူဘွဲ့ယူ သိပ္ပံစာတမ်းဆု စသည်တို့ ချီးမြှင့်ခံခဲ့ရပါသည်။ ။

တစ်ဖန် သုတစွယ်စုံသိပ္ပံစာပေဆု၊ ၂၀၁၂ခုနှစ်အတွက်ထွန်းဖောင်ဒေးရှင်း၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စာပေဆုကို လည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။ ဒေါက်တာထွန်းလွင်သည် 7 Day Media Group၏ ၂၀၁၇ ခုနှစ်အတွက် HERO ဆု၊ ၂၀၁၆ ခုနှစ် သတင်းလူသားဆုနှင့် Irrawaddy Media Group ၏ ၂၀၁၇ ခုနှစ် Popular Public Figure; The People's Weatherman ဆုများ ချီးမြှင့်ခြင်း ခံရပါသည်။ အာဆီယံတပ်ရှားကျော်ကြားသော ပညာရှင်အဖွဲ့ဝင်အဖြစ်လည်း ရွေးချယ်ခံရပါသည်။ ဒေါက်တာထွန်းလွင် ကွယ်လွန်ချိန်တွင် ဇနီးဒေါ်မူမူသန်းနှင့် သမီးနှစ်ဦး၊ သားတစ်ဦးတို့ကျန်ရစ်ခဲ့သည်။ ဒေါက်တာထွန်းလွင် ကွယ်လွန်သွားခြင်းသည် မြန်မာနိုင်ငံအတွက် မိုးလေ၀သရေးရာ အသိပညာပေးမှုအတွက် ဆုံးရှုံးမှုတစ်ရပ်ပင် ဖြစ်သည်။

ဆွေဦးဝေ