ဘားအံ ၂၂ ဇန်နဝါရီ
မြန်မာနိုင်ငံ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကရင်ပြည်နယ် ဘားအံမြို့ တော်ဝင်ရတနာဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (ရုံးချုပ်) ရန်ကုန်၏ တွဲဖက်အတွင်းရေးမှူး ဦးကျော်လင်းနိုင်က မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် မသန်စွမ်းသူများ၏ အခွင့်အရေး နည်းဥပဒေများအား မိတ်ဆက်ရှင်းလင်းရာ တက်ရောက်လာကြသော ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဥပဒေ၊ နည်းဥပဒေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေတွင် အခန်းပေါင်း ၁၇ ခန်း၊ ပုဒ်မပေါင်း ၉၄ ခု ပါဝင်ပြီး ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် အဆိုပါဥပဒေကို အတည်ပြုထုတ်ပြန်ခဲ့ကာ မသန်စွမ်းသူများ၏ အခွင့်အရေး နည်းဥပဒေများတွင် အခန်းပေါင်း ၁၄ ခန်းပါဝင်ကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သိရပြီး ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ̏မသန်စွမ်းသူများ အခွင့်အရေးနဲ့ အရေးကိစ္စတွေကို ဥပဒေနှင့်အညီ နိုင်ငံတော်က ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေပါတယ်၊ ဥပဒေပါအခွင့်အရေး တွေကိုရအောင် ဝိုင်းဝန်းပြီးတော့ လုပ်ပေးရမယ်ဆိုတဲ့ အသိတရားတွေရှိအောင် မိတ်ဆက်ဆွေးနွေးပွဲတွေ လုပ်ပေးနေပါတယ်၊ ပြည်နယ်တစ်ခုလုံး လွှမ်းခြုံအောင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်တွေအထိ အသိပညာပေး မိတ်ဆက်ဆွေးနွေးပွဲတွေလုပ်ဖို့ အစီအစဉ်တွေလည်း ဆွဲထားပြီးပါပြီ˝ဟု ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောသည်။

ယခုကဲ့သို့ ဥပဒေနှင့် နည်းဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည့်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများကို တိတိကျကျ ဖော်ထုတ်သတ်မှတ်ပေးနိုင်ခဲ့ပြီး နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များကို ပိုမိုအသုံးချလာနိုင်မည်ဖြစ်ကာ မသန်စွမ်သူများအနေဖြင့် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုလက်လမ်းမီလာနိုင်မည် ဖြစ်သည်။
ကရင်ပြည်နယ်အတွင်း ယခင်နှစ် လူမှုဝန်ထမ်းဦးစီးဌာန စာရင်းများအရ မျက်မမြင်၊ နားမကြား၊ ကိုယ်အင်္ဂါမသန်စွမ်း သူများ၊ ဉာဏ်ရည်မမီသူများ စုစုပေါင်း မသန်စွမ်းဦးရေ ၄၆၁၆ ဦးရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းနှင့် Humanity & Inclusion တို့ပူပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)