ရန်ကုန် ဇန်နဝါရီ ၁၃
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ (၁/၂၀၂၄) ကြိမ် မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကော်မရှင်အတွင်းရေး မှုးနှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးဌာန ဥပဒေအကြံပေးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ကော်မရှင်အနေဖြင့် ဈေးကွက်တွင် ပါဝင်သူများအား စည်းမျဉ်းထိန်းကျောင်းမှုသာမက ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင် ရွက်ရန်၊ အခြားငွေချေးသက်သေခံလက်မှတ်အမျိုးအစားများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက် ရာတွင် လက်ရှိအစိုးရငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်များ၏ ဒုတိယဈေးကွက် (Secondary Market) ဖွံ့ဖြိုတိုးတက်ရေးသာမက အခြားအာဆီယံနိုင်ငံများကဲ့သို့ Green Bond/Social Bond စသည်ဖြင့် ထုတ်ဝေရောင်းချမှုများကိုလေ့လာ၍ ကော်ပိုရိတ်ငွေချေးစာချုပ် ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ပေးရန်၊ နိုင်ငံတော်မှ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေသကဲ့သို့ MSME များ ရန်ပုံငွေရရှိရေးအတွက် စာရင်းဝင်အကြို ဈေးကွက်မှတစ်ဆင့် ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးရန်၊ ထို့ပြင် လက်ရှိ ဥပဒေ၊ နည်းဥပဒေများကို ပြန်လည်သုံးသပ်၍ ဈေးကွက်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမည့်ပုဒ်မများ ပြင်ဆင်ဖြည့်စွက် နိုင်ရေး သုံးသပ်ရန်နှင့် အခြားနိုင်ငံများ၏ဆောင်ရွက်ချက်များကိုလေ့လာ၍ မိမိနိုင်ငံတွင် အဆိုပါ ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မည်သို့ဆောင်ရွက်မည်ကို သုံးသပ်တင်ပြကြရန်လို အပ်ကြောင်း၊ ကော်မရှင်မှ အာဆီယံအရင်း အနှီးဈေးကွက်ဖိုရမ်တွင် ပုံမှန်ပါဝင်တက်ရောက်ခြင်း ဖြင့် ဒေသတွင်းဆောင်ရွက်ချက်များကို မျက်ခြည်မပြတ်လေ့လာပြီး သုတေသနပြုလုပ်၍ ဆောင် ရွက်သင့်သည်များကို တင်ပြဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများသို့ သွားရောက်စစ်ဆေးမှုမှ တွေ့ရှိချက်များ၊ ငွေတိုက်လက်မှတ်၊ ငွေတိုက်စာချုပ်ရောင်းဝယ်မှုအခြေ အနေ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဆောင်ရွက် ချက်များ၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရန်ကုန်စတော့အိတ်ချိန်း (Yangon Stock Exchange - YSX) စာရင်းဝင်ကုမ္ပဏီများ၏ အရောင်းအဝယ်အခြေအနေနှင့် စာရင်းဝင်ကုမ္ပဏီများတွင် နိုင်ငံခြား သားရင်းနှီးမြှုပ်နှံမှုအခြေအနေများကို တင်ပြဆွေးနွေးရာ အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးကြပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်