နေပြည်တော် ၁၃ ဒီဇင်ဘာ

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စီမံကြီးကြပ်မှု၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ ပူးပေါင်းကူညီမှုဖြင့် “မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်နိုင်ရေး အတွက် မူဝါဒနည်းလမ်းများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးဖိုရမ် (၂၀၁၉) ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အောက်ရှိ ဦးစီးဌာနများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချူပ်၊ ပါမောက္ခချုပ်များနှင့် အရာရှိကြီးများ၊ ပြည်တွင်း/ ပြည်ပမှ ပညာရှင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်ဦးစောဗယ်လင်တိုင်းက ကြိုဆို နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP Myanmar) မှ ဌာနေ ကိုယ်စားလှယ် Mr. Gordon E.Johnson က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ဖိုရမ်၏ ပထမပိုင်းအစီအစဉ်၌“မြန်မာနိုင်ငံ၏ ပထမဆုံးသောနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ကျွမ်းကျင်မှု မူဘောင်” ခေါင်းစဉ်ကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ Expert on Leadership in Civil Service , Dr.JohnVong ၊ ဒုတိယပိုင်းအစီအစဉ်တွင် “မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံ့ ဝန်ထမ်းများအတွက် ပွင့်လင်းမြင်သာမှုရှိပြီး ရလဒ်ကို အခြေခံသည့် အားလုံးပါဝင်သော စွမ်းဆောင်ရည်အကဲဖြတ်သည့် စနစ်နှင့်စွမ်းဆောင်ရည်အကဲဖြတ်မှု ပုံစံအသစ်” ခေါင်းစဉ်ကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP Myanmar)မှ LEAP Project Manager , Ms.Valentina Bianchini ၊ တတိယပိုင်းအစီအစဉ်တွင် “မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းအဆင့်မြင့် စီမံခန့်ခွဲမှု အရာထမ်း ခေါင်းဆောင်မှု စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(SELDS)” ခေါင်းစဉ်ကို Senior Executive Leader, Public Policy and Legislative Reform , Ms.Louise McSorley တို့ကဆွေးနွေးကြသည်။

ယင်းနောက် စတုတ္ထပိုင်းအစီအစဉ်တွင် ဆွေးနွေးခဲ့သည့် စာတမ်း(၃)စောင်အပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ်များက အုပ်စု (၃)စုဖွဲ့၍ အုပ်စုလိုက် ဆွေးနွေးခြင်းများပြုလုပ်၍ အုပ်စုတစ်ခုချင်းစီအလိုက် ဆွေးနွေးမှုရလဒ်များကို ပြန်လည်သုံးသပ်ဆွေးနွေးတင်ပြကြသည်။

 

အဆိုပါ ဖိုရမ်ကို မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၇-၂၀၂၀) ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား အထောက်အပံ့ဖြစ်စေမည့်လုပ်ငန်းစဉ်များ ပိုမိုခိုင်မာအားကောင်းစေရန်၊ မဟာဗျူဟာစီမံချက်၏ အနာဂတ်မျှော်မှန်းချက်ဖြစ်သည့် “ပြည်သူလူထုပါဝင် ဆောင်ရွက်မှုကို အားပေးမြှင့်တင်ရန်နှင့် ပြည်သူလူထု၏ ယုံကြည်မှုကိုပိုမိုအားကောင်းစေမည့် ကျင့်ဝတ်သိက္ခာနှင့်ညီသော၊ အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားမှုကို အခြေခံသော၊ အားလုံးပါဝင်ကာ မဆိုင်းမတွ တုံ့ပြန်ဖြည့်ဆည်းပေးသော နိုင်ငံ့ဝန်ထမ်းအခန်းကဏ္ဍပေါ် ထွန်းလာစေရန်” တို့ အတွက် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်