နေပြည်တော် ၁၇ အောင်တိုဘာ

           

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် မြန်မာနိုင်ငံ အထူးပညာရေးအသင်းတို့ ပူးပေါင်းကျင်းပသော မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံ ဒုတိယပိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ကျင်းပ ဆက်လက်ကျင်းပသည်။

           

ညီလာခံတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မသန်စွမ်းသူတိုင်းတွင် မသန်သော်လည်း စွမ်းနိုင်မှုတစ်ခုခုရှိကြရာ စွမ်းနိုင်သမျှ စွမ်းအောင်မြှင့်တင်ပေးရန်နှင့် မည်သည့်မသန်စွမ်းမှု အမျိုးအစားဖြစ်စေ မသန်စွမ်းသူများ၏ အခွင့်အရေးများ အပြည့်အဝရရှိရန် လိုအပ်ကြောင်း၊ မသန်စွမ်းကလေးသူငယ်များအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ၂၀၁၉ ၌ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများ ခံစားခွင့်နှင့် ဉာဏ်ရည်မသန်စွမ်းကလေး သူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးရန် မိဘ သို့မဟုတ် အုပ်ထိန်းသူများက ကိုယ်စားစီစဉ်ဆောင်ရွက်ခွင့် ပေးထားပါကြောင်း၊ ယခုညီလာခံတွင် ဉာဏ်ရည်မသန်စွမ်းသူများ အကျုံးဝင်မှု ပိုမိုပါဝင်လာရန်နှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများ၊ လက်တွေ့တွင် မသန်စွမ်းသူများသည် အခြာသူများနည်းတူ တစ်သားဖြစ်တည်လာစေရန်နှင့် မတူကွဲပြားမှုများကို လက်ခံသော ခွဲခြားဆက်ဆံခြင်း မရှိသော တန်းတူလက်တွဲ ပါဝင်ခွင့်ရရှိစေရန် အားလုံးပူးပေါင်း ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

           

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေးဥပဒေတွင် Special Need Education နှင့် Inclusive Education ကို အတိအလင်းဖော်ပြထားပါကြောင်း၊ ပညာသင်ကြားမှုတွင် ခွဲခြားမှုမရှိဘဲ တစ်ဦးတစ်ယောက်မှ ချန်လှပ်ခြင်းမရှိစေရေး၊ ကျောင်းထွက်နှုန်းလျှော့ချရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းကလေးငယ်များ ပညာသင်ကြားရေးနှင့်ပတ်သက်၍ အခြေခံပညာ ကျောင်းများတွင် သင်ကြားပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းကလေးငယ်များ သင်ကြားနည်း သင်တန်းများကို ဆရာ/ဆရာမများအား ပေးစေလိုကြောင်း၊ မိမိတို့ဌာနအနေဖြင့် ပညာသင်ယူနေသည့် မသန်စွမ်းကျောင်းသား/ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

           

ယင်းနောက် မြန်မာနိုင်ငံ အထူးပညာရေးအသင်း ဥက္ကဋ္ဌ ဦးထာအုပ်က အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

           

ဆက်လက်၍ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံအထူးပညာရေးအသင်းတို့က ဉာဏ်ရည်မသန်စွန်းကလေးငယ်များ လူ့မှုအသိုက်အဝန်းအတွင်း အကျုံးဝင်လာနိုင်ရေး ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်။

 

သတင်းစဉ်