ချောင်းဦး ၂၈  ဇန်နဝါရီ

 

တရုတ်နိုင်ငံဝူဟန်မြို့တွင်  အဆုတ်ရောင်ရောဂါ ဖြစ်ပွားနေသဖြင့် တစ်နယ်နှင့်တစ်နယ် သွားလာမှုများကို ကန့်သတ်ထားခြင်းကြောင့် တောင်သူများအနေဖြင့် သခွားမွှေးသီးနှံများကို သတင်းအချက်အလက်မှန် လေ့လာစူးစမ်းပြီးမှ ခူးဆွတ်ကြရန် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်ထံမှ သိရသည်။

 

“အခုအခြေအနေမှာ သီးနှံတွေကို တင်ပို့လို့ရပေမယ့် သူတို့ဆီမှာက တစ်နယ်နဲ့တစ်နယ် အသွားအလာတွေကို ပိတ်ထားတာဖြစ်တဲ့အတွက် အခက်အခဲဖြစ်နိုင်တယ်၊ ကျွန်တော်တို့အနေနဲ့ကလည်း သူတို့ဆီမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်၊ ရောဂါထိန်းချုပ်လို့ရသွားပြီ၊ တစ်နယ်နဲ့ တစ်နယ်ကူးလူးသွားလာလို့ရပြီဆိုတာနဲ့ တောင်သူတွေကို အမြန်ဆုံးအသိပေးသွားမှာ ဖြစ်ပါတယ်၊ အခု အခြေအနေကတော့ သီးနှံတွေကို အရမ်းခူးဆွတ်တာမျိုး မလုပ်ကြဖို့လိုပါတယ်၊ ဆုံးရှုံးရင် ကိုယ်တိုင်ဆုံးရှုံးရမှာ ဖြစ်တယ်၊ မနစ်နာသင့်တာ မနစ်နာကြရအောင်လို သတိပေးချက်တွေ ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးလွင် ကပြောသည်။

 

mdn

 

တရုတ်နိုင်ငံဘက် သွားလာမှုအခက်အခဲများကြောင့် အသီးလှယ်မှုများ ကြန့်ကြာနိုင်ခြင်းကြောင့် ဖရဲ၊ သခွားမွှေး ရောင်းချသူများ ထိခိုက်နစ်နာနိုင်ခြင်းများ မဖြစ်ပေါ်စေရန် တရုတ်နိုင်ငံဘက်မှ အဆိုပါဒေသအား ရောဂါထိန်းချုပ်နိုင်ပြီး အခြေအနေတည်ငြိမ်သည်အထိစောင့်ဆိုင်း၍ သော်လည်းကောင်း၊ မိမိတို့ပွဲစားများနှင့် ချိတ်ဆက်၍သော်လည်းကောင်း၊ သတင်းအချက်အလက်အမှန်များကို လေ့လာပြီးမှသာ ခူးဆွတ်တင်ပို့ကြရန် သတိပေးထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

ဝင်းဦး(ဇေယျာတိုင်း)