နေပြည်တော်   ၂၀  ဩဂုတ်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင် မိသားစုများ၏ ကျန်းမာရေး ဆေးကုသမှု ခံယူနိုင်ရေးအတွက် လတ်တလော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆေးရုံ (ရဲဆေးရုံ)ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် မိသားစုများ ကျန်းမာရေး ဆေးကုသမှုခံယူရာတွင် အဆင်ပြေလွယ်ကူ ချောမွေ့စွာ ကုသနိုင်စေရန် ရန်ကုန်နှင့် မန္တလေး အစရှိသည့် မြို့ကြီးများတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆေးရုံ(ရဲဆေးရုံ) တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်၏ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ နာမကျန်း ဖြစ်ပွားမှုနှင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိမှုများကို အချိန်မီ ဆေးဝါးကုသ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်ဖွဲ့ဝင်များ၊ ကွပ်ကဲမှုအဖွဲ့များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့များ၊ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းတို့၏ ဖွဲ့စည်းပုံများ၌ တပ်ဖွဲ့ဝင်သူနာပြု၊ ဆေးအဖွဲ့ဝင်အရာရှိ၊ အခြားအဆင့်များ ထည့်သွင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ဖွဲ့စည်းပုံခွင့်ပြုပေးခဲ့ရာ ဆေးတပ်ဖွဲ့ အရာထမ်း ၅ ဦး၊ အမှုထမ်း ၂၆၀၅ ဦး စုစုပေါင်း ၂၆၁၀ ဦးဖြင့် သူနာပြုတပ်ဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ ရဲအရာရှိ အတတ်သင်ကျောင်း၊ ရဲအကျပ် အတတ်သင်ကျောင်းနှင့် ရဲလေ့ကျင့်ရေးကျောင်း လေးကျောင်း စုစုပေါင်း ရဲလေ့ကျင့်ရေးကျောင်း ခုနစ်ကျောင်းတို့တွင် လေ့ကျင့်ပေးလျက်ရှိသည့် သင်တန်းသားများ ထိခိုက်ဒဏ်ရာရရှိမှု၊ နာမကျန်းမှုများ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကုသပေးနိုင်ရန်အတွက် ကျောင်းဖွဲ့စည်းပုံတွင် ဆေးခန်းကို ထည့်သွင်းထားရှိပါကြောင်း၊ ရဲလေ့ကျင့်ရေးကျောင်းတွင် ဆေးခန်းဖွဲ့စည်းပုံအတွက် ဆရာဝန် ၇ ဦး၊ ကျန်းမာရေးမှူး ၉ ဦး၊ သူနာပြု ၂၆ ဦး၊ ဝမ်းဆွဲ ၁၄ ဦး၊ ဆေးစပ် ၁၄ ဦး၊ အထွေထွေ ၂၆ ဦး စုစုပေါင်း ၉၆ ဦးရှိပြီး အဆိုပါဝန်ထမ်းများ ခန့်အပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၌ သူနာပြုတပ်ဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ၁၆.၁၁.၂၀၁၅ ရက်နေ့မှစ၍ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ အမျိုးသမီး တပ်ဖွဲ့ဝင်များအား သူနာပြု သားဖွားဒီပလိုမာ ၃ နှစ်သင်တန်းသို့ သင်တန်းသူ ၂၀ဝ ဦး၊ ဘက်စုံသားဖွား ဒီပလိုမာ ၂ နှစ်သင်တန်းသို့ သင်တန်းသူ ၄၄ ဦးကို တက်ရောက်စေခဲ့ပါကြောင်း၊ ၎င်းသင်တန်းများမှ သင်တန်းဆင်းလာသည့် အမျိုးသမီးတပ်ဖွဲ့ဝင် ၉၀ ဦးကို သူနာပြု တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်၍ လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ရုံး၊ လုံခြုံရေးရဲတပ်ဖွဲ့များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနှင့် ရဲလေ့ကျင့်ရေး ကျောင်းများကို တာဝန်ချထားပြီး ကျန်းမာရေးစောင့်ရှောက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် လက်ရှိအခြေအနေတွင် ရဲတပ်ဖွဲ့ဝင်များ၊ ဆေးဝန်ထမ်းများ ကျန်းမာရေး အခြေအနေအရ အရေးပေါ် ဆေးကုသမှုခံယူရသည့် အခြေအနေများတွင် ကျန်းမာရေးဌာနမှ ဆောင်ရွက်ပေးခဲ့သည့် အခမဲ့ကုသခွင့်အပြင် ထပ်မံကျခံရသည့် ကုန်ကျစရိတ်များကို တောင်းခံသုံးစွဲနိုင်ရန်အတွက် သာမန်အသုံးစရိတ်၊ ဆေးကုသစရိတ် ခေါင်းစဉ်အောက်တွင် သက်ဆိုင်ရာငွေထုတ် ဌာနများသို့ သုံးလပတ်အလိုက် ခွဲဝေချထားပေးလျက်ရှိပါကြောင်း၊ ဆေးဝါးကုသခံယူရာတွင် ပြည်သူ့ဆေးရုံများနှင့် နိုင်ငံတော်က အသိအမှတ်ပြု မှတ်ပုံတင်လိုင်စင်ရှိ ဆေးရုံများတွင် ကုသမှုခံယူရမည်ဖြစ်ပြီး ကျန်းမာရေးဌာနမှ အမှန်တကယ် ထုတ်မပေးနိုင်သည့် ဆေးဝါးများ ဝယ်ယူမှုအတွက် ပြေစာမူရင်း၊ ကုသမှုဆိုင်ရာ ဆေးမှတ်တမ်းမူရင်းများကို တင်ပြပြီး ဆေးဝါးကုသမှု စရိတ်များကို တောင်းခံရမည် ဖြစ်ပါကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင် မိသားစုများ၏ ကျန်းမာရေး ဆေးကုသမှုခံယူနိုင်ရေးအတွက် လတ်တလော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆေးရုံ(ရဲဆေးရုံ)ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

MDN
Credit. ပြည်သူ့လွှတ်တော်