ရန်ကုန် ၂၆  သြဂုတ် 


မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တွင် ရေကြောင်းသွားလာမှုဘာသာရပ်များ သင်ကြားရာ၌ နိုင်ငံတကာတွင် အသုံးပြုနေသော simulator သင်ထောက်ကူပစ္စည်းများဖြင့် စတင်အသုံးပြုသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။


“ဒီနှစ်ဆို နိုင်ငံတကာမှာ အသုံးပြုနေတဲ့ simulator တွေ ရပါတယ်။ ၃၆၀ ပတ်လည်မြင်ကွင်းနဲ့ သင်္ဘောမောင်းတဲ့ simulator အင်ဂျင်အတွက်ကော ပါပါတယ်။ ဒါတွေကို ၁၇ နှစ်လောက်ကြာမှ တပ်ဆင်နိုင်တာပါ။ ပင်လယ်ရေကြောင်းသွားလာမှုကို အရင်က ကွန်ပျူတာမျက်နှာပြင်မှာသာ လေ့ကျင့်သင်ကြားနေရတာ။ အခု ဆိုရင် တကယ်ပင်လယ်ထဲရောက်နေသလို လေ့လာသင်ယူရတယ်။ ကျောင်းသားတွေအနေနဲ့ လက်တွေ့ သင်္ဘောပေါ်ရောက်ရင် မစိမ်းတော့ဘူးပေါ့” ဟု မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ပြောကြားသည်။


၃၆၀ ပတ်လည်မြင်ကွင်းဖြင့် သင်္ဘောလေ့ကျင့်မောင်းနှင်မှုအခန်းတွင် ရေကြောင်းသိပ္ပံပညာဌာန၏ စတုတ္ထ နှစ်ကျောင်းသားများအား အဓိကလေ့ကျင့်သင်ကြားလျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှု အခန်းကို ၂၀၁၉ ခုနှစ် ဧပြီတွင် စတင်တပ်ဆင်ခဲ့ပြီး သင်ကြားမှုပိုင်းတွင် ကျောက်ချခြင်း၊ ဆိပ်ကမ်း ကပ်ခြင်း/ထွက်ခွာခြင်း၊ ပင်လယ်ပြင်တွင်မောင်းနှင်ခြင်း၊ ရေကြောင်းကြပ်တည်းသည့် နေရာတွင် မောင်းနှင် ခြင်းများအပြင် ရာသီဥတုနှင့်ပတ်သက်၍ မိုးရွာခြင်း၊ မြူကျခြင်း၊ ညအချိန်မောင်းနှင်ခြင်းစသော အနေ အထားမျိုးစုံကို ပြောင်းလဲအသုံးပြုလေ့ကျင့်နိုင်ကြောင်း သိရသည်။


ကျောင်းသားများအတွက် လေ့ကျင့်ချိန်တစ်ချိန်မှာ ၃ နာရီဖြစ်ပြီး ကျောင်းသား ၆ ဦး တစ်ပြိုင်နက်တည်း ဝင်ရောက်လေ့ကျင့်နိုင်ကာ သင်္ဘောထိန်းချုပ်ခန်းများအတွင်း တပ်ဆင်ထားသော စက်များအတိုင်း ပါဝင် သည့်အတွက် ကျောင်းသားများ လေ့ကျင့်ရာတွင် ပြင်ပသင်္ဘောများတွင် မောင်းနှင်မှုပုံစံအတိုင်း လေ့ကျင့် မောင်းနိုင်ကြောင်း သိရသည်။ ယင်း နည်းပညာအထောက်အကူပြုပစ္စည်းများမှာ နော်ဝေနိုင်ငံထုတ်ဖြစ်ပြီး စင်ကာပူထရန့်စစ်ကုမ္ပဏီမှ လာရောက်တပ်ဆင်ပေးခြင်းဖြစ်ကြောင်း သိရသည်။


ယခုပညာသင်နှစ်တွင် နည်းပညာသင်ထောက်ကူ Simulator များတပ်ဆင်နိုင်မှုကြောင့် ကျောင်းသားများအနေဖြင့် ပင်လယ်ပြင်တွင် မောင်းနှင်သကဲ့သို့ လေ့ကျင့်သင်ကြားနိုင်ကြောင်း သိရသည်။ 


ရေကြောင်း ဆိုင်ရာအသုံးပြုသည့်ပစ္စည်းများမှာ အချိန်နှင့်အမျှ နည်းပညာသစ်များ ပေါ်ထွက်နေမှုကြောင့် တက္ကသိုလ်အတွက် လိုအပ်သော နည်းပညာ၊ ပစ္စည်းကိရိယာများကို အမြဲတစေဝယ်ယူဖြည့်တင်းရန် လိုအပ်ကြောင်း သိရသည်။


မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကို ၂၀ဝ၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ဘွဲ့ရကျောင်းသား ၄၀ဝ၀ နီးပါးမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


ထင်ပေါ်ဝင်း(ကမာရွတ်)၊ 


ဓာတ်ပုံ - ထိန်လင်း