နေပြည်တော် ဇူလိုင် ၂၅

မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့် အထိမ်းအမှတ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။

အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရိုးရာခြင်းလုံး ပညာရှင်ကြီးများနှင့် ခြင်းလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ခြင်းလုံးအားကစားနည်းကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများအထိပါ တိုးတက်ပြန့်ပွားစေရေးအတွက် အခြေခံပညာကျောင်းများတွင် မြန်မာ့ရိုးရာ ခြင်းလုံးသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် ပြည်တွင်းပြိုင်ပွဲများ ကျင်းပပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲတွင် ရိုးရာခြင်းလုံး အားကစားနည်းကို ပထမဆုံး အကြိမ် ထည့်သွင်းကျင်းပခဲ့ပြီး ရွှေတံဆိပ်(၆)ခုကို မြန်မာနိုင်ငံအတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့ပါကြောင်း။

အလားတူ (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခု၊ (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခုနှင့် (၃၂)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၁)ခု ရယူပေး နိုင်ခဲ့ပြီး ခြင်းလုံးအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ပါကြောင်းနှင့်  ဆက်လက်ကြိုး ပမ်းသွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်နာယကက ရိုးရာခြင်းလုံးအား ကစားနည်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသက်(၇၀)နှစ်နှင့်အထက် ရိုးရာခြင်းလုံး ပညာရှင်များကို အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး ရိုးရာခြင်းလုံးအဖွဲ့များ၏ ခြင်းလုံးအလှပြခတ်ကစားနေမှုများ၊ တစ်ကိုယ် တော်စွမ်းရည်ပြ (တစ်ပင်တိုင်) သရုပ်ပြကစားမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်ယှဉ်ပြိုင်ကစားနေမှု များကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်