နေပြည်တော် မတ် ၁၅

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၅) အစည်း အဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့် ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အား ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် လေးခု ကိုလည်းကောင်း၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၃၁ ခုတို့ကိုလည်းကောင်း ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၀၀၃ သန်းနှင့် ကျပ် ၁၉၅၅၅၂၆ ဒသမ ၉၅၅ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅၀၆၄ ဦးကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။

 

ယနေ့အစည်းအဝေးက ခွင့်ပြုပေးသည့်လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လုပ်ငန်းသုံးမော်တော်ယာဉ်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်‌ရောင်းချ ခြင်းလုပ်ငန်းများ၊ ဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ၊ လက်ကိုင်ဖုန်း အမျိုးမျိုး တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း၊ ဆိုလာပြားထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်း၊ မွေးမြူရေးအစာထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများ အပြင် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများလည်း ပါဝင်သည်။

 

ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားသည်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များကို စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်