ရန်ကုန် အောက်တိုဘာ ၅

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်းစီစဉ်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသားများနှင့် မိသားစုဝင်များကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာ မူလတန်းကျောင်း (မူလွန်) ၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးသည်။

 

ယင်းသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါ အခံရှိ၊ မရှိ မေးမြန်းခြင်းများ ဆောင်ရွက်ကြပြီး ကာကွယ်ဆေးထိုးပြီးပါက ကျန်းမာရေးအတွက် ကာကွယ်နေထိုင်ရမည့် အစီအစဉ်များကို ပြောကြားဆောင်ရွက်ပေးကြသည်။

 

ယနေ့တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသားများနှင့် မိသားစုဝင် ၂၇၂ ဦးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး   မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဆေးထိုးနှံရန် ကျန်ရှိသူများကို ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေ လုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်နိုင်ဖို့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးထားရင်တော့ အဆင်ပြေမယ်။ ဒီနေ့ဆို ရုပ်ရှင်လောကသားတွေနဲ့ မိသားစုဝင်တွေ တော်တော်များများ ကာကွယ်ဆေး လာထိုးကြတာကို တွေ့ရပါတယ်။ ရှေ့မှာလည်း ရုပ်ရှင်လောကသား ၅၀ လောက် ကာကွယ်ဆေးထိုးနှံပြီးပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ နာယက အလွှာ၊ ဇာတ်ညွှန်း အလွှာ၊ ကြီးကြပ် အလွှာ၊ အုပ်ချုပ် ဖြန့်ချိရေးအလွှာ၊ ထုတ်လုပ်သူအလွှာတွေ အပါအဝင် အလွှာပေါင်း ၁၀ လွှာရှိတယ်။  သူ့အလွှာနဲ့သူ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ဆက်သွယ်လာကြတဲ့အတွက် လူဦးရေစာရင်း ပြုစုပြီး ကျန်းမာရေးဌာနကိုတင်ပြ ထိုးနှံပေးတာဖြစ်ပါတယ်။ အချို့ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အလွှာအသီးသီးက သူတွေလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံထားတယ်လို့ သိရ တယ်။  

 

“တော်တော်များများလည်း ကာကွယ်ဆေး ထိုးထားကြပါတယ်။  ကာကွယ်ဆေးထိုးနှံ ထားတာက ရိုက်ကွင်းတွေမှာ အားလုံးအဆင်ပြေနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ရုပ်ရှင် လောကသားတွေ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံထားသင့်ပါတယ်”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဌ ဦးအေးကြူလေးက ပြောသည်။

 

 “ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ရုပ်ရှင်သရုပ်ဆောင် မတူးက ဒီနေ့မှာ ကျွန်မတို့ အလွှာပေါင်းစုံက ရုပ်ရှင်လောကသားတွေ၊ မိသားစုဝင်တွေ စုပေါင်းပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံဖို့ လာရောက်ကြတာဖြစ်ပါတယ်။ စုစုပေါင်း ၂၇၂ ဦး ရှိတယ်လို့ သိရပါတယ်။ မတူးက ဆေးအပ်မြင်ရင် ကြောက်တတ်တယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက နာယကကြီးတွေက ငါတို့အားလုံးလည်း ကာကွယ်ဆေးထိုးနှံ ပြီးကြပြီ၊ ဘယ်လိုမှလည်း မခံစားရပါဘူး၊ မတူးလည်း ဆေးထိုးထားသင့်တယ်လို့ ပြောပါတယ်။ ဒါကြောင့် မတူးလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာပြီး မိမိရဲ့ကျန်းမာရေးကို ကာကွယ်ရာ လည်းရောက်တယ်၊ အခြားသူတွေကိုလည်း ကာကွယ်ရာရောက်တဲ့အတွက် ရုပ်ရှင်လောက သားတွေနဲ့အတူ စုပေါင်းလာရောက် ဆေးထိုးနှံတာပါ။ ကာကွယ်ဆေး မထိုးရသေးတဲ့ ရုပ်ရှင်လောကသား ညီအစ်ကိုမောင်နှမတွေအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ထားသင့်ပါတယ်”ဟု  ပြောသည်။

 

ယနေ့ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများကို နိုဝင်ဘာ ၃ ရက်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်း၊ - ကိုကိုဇော်၊ ဓာတ်ပုံ- ဇော်မင်းလတ်