ရန်ကုန် ၃၁ မေ

မြန်မာ့ဇာတ်သဘင်ကြီးများ အဓွန့်ရှည် တည်တန့်နိုင်ရန်အတွက်နှင့် ယဉ်ကျေးမှုများ မတိမ်ကော မပျောက်ပျက်စေရန် သဘင်ပညာရှင်ကြီးများက ခေတ်အဆက်ဆက် ထိန်းသိမ်းလာခဲ့ရာ ယခုဆိုလျှင် မြန်မာ သဘင်အစည်းအရုံး (ဗဟို)ကိုပင် တည်ထောင်နိုင်ခဲ့ပြီဖြစ်သည်။

ကိုလိုနီခေတ်မှ စတင်ကာ သဘင်ကောင်စီမှ သဘင်အစည်းအရုံး (ဗဟို)ဟူ၍ ခေတ်အဆက်ဆက် သဘင်ပညာရှင်ကြီးများ ဦးစီး၍ တည်ထောင်ပြီး သဘင်လောက တိုးတက်ရာတိုးတက်ကြောင်းများကို NGO အဖွဲ့အစည်းအဖြစ်သာ ဆောင်ရွက်နေရသည့်အတွက် လိုအပ်ချက်များစွာ ရှိနေသေးသည်ကိုလည်း မြင်တွေ့ရ သည်။

“ကျွန်တော်တို့ ဇာတ်သဘင်ပိုင်းကို အရင်ကထက်ပိုပြီး အလေးထားဆောင်ရွက်ပါတယ်။ အခုအချိန်အထိ ကျွန်တော်တို့ သဘင်အစည်းအရုံး(ဗဟို)ကနေ သဘင်လောကသားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဆောင်ရွက်ပေးခဲ့တယ်။ သာရေးတွေ၊ နာရေးတွေကအစပေါ့ဗျာ၊ ငွေကြေးထောက်ပံ့မူတွေကိုလည်း လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒီလိုမျိုး ကူညီပေးနေတာတွေကလည်း ကြာမြင့်လာခဲ့ပါပြီ။ ဒါပေမယ့် အခုအချိန်အထိ ကျွန်တော်တို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) ဆိုပြီး တစ်ခြား ဂီတ၊ ရုပ်ရှင် တွေလိုတော့ မြေနေရာ အဆောက်အဦးနဲ့ တည်တည်တံ့တံ့နေရာမျိုး မရရှိသေးပါဘူး။ အစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတွေကို တင်ပြထားပါတယ်။ အစည်းအရုံးလေး သီးသန့်ရှိစေချင်လို့ မြေနေရာလည်း လျှောက်ထားပါတယ်။ သုံးကြိမ်ရှိသွားပေမယ့် မရရှိသေးပါဘူး” ဟု မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ဒုဥက္ကဌ (၁) ဦးမိုးဝင်း က ပြောကြားသည်။

လက်ရှိအချိန်အထိ အဖွဲ့အစည်းအဆင့်သာရှိပြီး မြေနေရာမရှိ၊ ရုံးပိုင်မရှိဖြင့် အစိုးရခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ရကြောင်း၊ မြန်မာ့ဇာတ်သဘင် လောကသားများနှင့် အစည်းအရုံးသည် ငွေကြေးထောက်ပံ့မှုလည်း နည်းပါးသဖြင့် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ဖြစ်ပေါ်ပါက ဇာတ်သမားအချင်းချင်းသာ ဖေးမ ကူညီနေကြရကြောင်း၊ ထို့အတွက်ကြောင့် မကြာခဏဆိုသကဲ့သို့ ရန်ပုံငွေပွဲများပြုလုပ်၍ တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ငွေများ ပေးအပ်နိုင်ရန် စီစဉ်နေရကြောင်းသိရသည်။

"သဘင်အစည်းအရုံး (ဗဟို) ကို ပွဲကတဲ့အခါ ပွဲပါမစ်လုပ်ကြတော့ အဲဒီကနေ ရတဲ့ ငွေကြေးအချို့ကို သဘင်သမားတွေရဲ့ သားသမီးတွေရဲ့ ပညာရေးထောက်ပံ့မူတွေ၊ စောင့်ရှောက်မူတွေ လုပ်တဲ့အတွက် ငွေဟာ မလုံလောက်ပါဘူး။ ပြီးတော့ အခုဆို မြို့နယ်တစ်ခုကနေ မြေရပြီဆိုတာနဲ့ သိန်း(၂၀)၊ သိန်း(၃၀) လောက် ချပေးတယ် လောလောဆယ်ဆို မကွေးတိုင်း သဘင်အစည်းအရုံး (ဗဟို) ဖြစ်ဖို့အတွက် သိန်း(၁၅၀) လောက် ချပေးရတယ်။ ဒါကလည်း သဘင်လောက တိုးတက်ဖို့အတွက် လုပ်ဆောင်ရတာပါ။ မြို့နယ်တွေ တိုင်းဒေသကြီးတွေမှာ ဗဟိုအဖွဲ့အစည်းတွေကို သဘင်အစည်းအရုံးကနေ လုပ်ဆောင်ခြင်းအားဖြင့် သဘင်လောကသားတွေ ဘယ်နေရာမှာ ရောက်နေနေ အခက်အခဲတစ်စုံတစ်ရာ ကြုံလာရင် ဖြေရှင်းနိုင်မှာပါ" ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)သည် လတ်တလောတွင် ကြုံတွေ့နေရသော သဘင်သမားများ၏ အခက်အခဲများနှင့် ကပြဖျော်ဖြေမူများတွင် ယဉ်ကျေးမူနှင့်အညီ တင်ဆက်နိုင်ရန် စည်ကမ်းချက်များ ချမှတ်၍ ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်အနေနဲ့လည်း မိမိတို့ သဘင်ကို ကြည့်ရှုစောင့်ရှောက်စေချင်ကြောင်း၊ ၂၁ လမ်း လသာမြို့နယ် ရန်ကုန်မြို့တွင် မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို ) လတ်တလော ယာယီအနေဖြင့် ဖွင့်လှစ်ထားကြောင်း သိရသည်။

ကိုလင်း