ရန်ကုန်  ၁၀  မတ်

 

မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) နှင့် ထိုင်းနိုင်ငံအခြေစိုက် Makro Myanmar (Aro Commercial Company Limited) တို့အကြား နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်လက်မှု လုပ်ငန်းရှင်များအသင်းချုပ်၌ ယနေ့နံနက်ပိုင်းက လက်မှတ်ရေးထိုးကြသည်။

 

အဆိုပါ MoU ရေးထိုးပွဲတွင် MFVP ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်နှင့် Makro Myanmar (Aro Commercial Company Limited) ၏အုပ်ချုပ်မှု ဒါရိုက်တာ Mr. Saksit Panurach တို့က အမှာစကားပြောကြားပြီး Makro ၏ လက်လီ/လက္ကားဈေးကွက် ဖော်ဆောင်မှုဗီဒီယိုအား တက်ရောက်လာသည့် အသင်းအဖွဲ့ အလိုက် စိုက်ပျိုးထုတ်လုပ်သူများအား ပြသသည်။

 

ယခု MoU လက်မှတ်ရေးထိုးမှုနှင့် ပတ်သက်၍ MFVP ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က “အဓိကက ကျွန်တော်တို့က Makro Myanmar Aro ကုမ္ပဏီနဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးတာက ကျွန်တော်တို့ ဘက်က အများစုက စိုက်ပျိုးထုတ်လုပ် တင်ပို့သူတွေရဲ့ ထွက်တဲ့ပစ္စည်းတွေကို အရည်အသွေးကောင်းပြီး အစားအစာဘေးကင်း လုံခြုံတယ်ဆိုရင် သူတို့ဝယ်ယူပြီးတော့ ရောင်းချပေးမှာဖြစ်ပါတယ်။ နောက်ပိုင်း စိုက်ပျိုးထုတ်လုပ်တာ များလာရင် သူတို့အဖွဲ့အစည်းတွေရှိတဲ့ တခြားနိုင်ငံတွေကို တင်ပို့တဲ့အထိ သူတို့ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့တောင်သူတွေ အခက်အခဲ ဖြစ်နေတာ ဈေးကွက် ပြဿနာဖြစ်ပါတယ်။၊ MFVP အသင်းရဲ့ ရည်ရွယ်ချက်ကိုက ဈေးကွက် ချိတ်ဆက်ပေးတဲ့အသင်းပါ။ အဲဒီတော့ အခုလို ဝယ်မယ့်လူနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့လူတွေ ကျွန်တော်တို့က ချိတ်ဆက်ပေးဖို့ လက်မှတ်ထိုးထားတာပဲ ဖြစ်ပါတယ်။ ဒါ အထိုက်အလျောက် ဈေးကွက်တွေကို ချိတ်ဆက်မိပြီး စိုက်ပျိုးသမျှကို ဈေးကွက်မှာ တင်ပြီးရောင်းချနိုင်မှာပါ။ ဒီအဖွဲ့ကနေ စပြီးဖွင့်တယ်ဆိုတာနဲ့ ကျွန်တော်တို့ဘက်က အဆင်သင့်ရှိနေတယ်။ GIZ နဲ့ ပင်းတယနဲ့ ဟဲဟိုးမှာ ကျွန်တော်တို့ Project တွေ လုပ်နေတာရှိနေတယ်။ နောက်ထပ် ရွာငံ၊ တောင်ကြီး၊ ကျိုင်းတုံဘက်မှာလည်း လုပ်ဖို့ရှိတယ်၊ ထွက်လာတဲ့ ဟင်းသီးဟင်းရွက်တွေ အကုန်လုံးကို GAP စနစ်နဲ့စိုက်ပျိုး ထုတ်လုပ်ထားလို့ Food Safety ရှိတဲ့ အစားအသောက်တွေ အရည်အသွေးကောင်းတွေ ထုတ်လုပ်နိုင်တယ်။ သူတို့ဖွင့်တာနဲ့ ဝယ်တာနဲ့ပေးမှာပဲ။ ပူးတွဲသင်တန်းတွ ပေးမှာမို့ တောင်သူတွေ အလေ့အကျင့်ကောင်းတွေ အတွေ့အကြုံတွေရမှာပါ၊ ပြည်တွင်းမှာ တောင်သူတွေ တင်ပို့ရောင်းချနိုင်ဖို့ ရန်ကုန်မြို့မှာ သီရီမင်္ဂလာဈေးနဲ့ မြေပဒေသာကျွန်းလို Safe food from safe farm ဆိုပြီး စားသုံးသူတွေ တိုက်ရိုက်ဝယ်နိုင်အောင် စနေ၊ တနင်္ဂနွေမှာ ဖွင့်ထားပါတယ်၊ မူဆယ် ၁၀၅ မိုင်မှာ တရုတ်နိုင်ငံကို သစ်သီးဝလံတွေ အလုံးအရင်းနဲ့တင်ပို့ဖို့ မြန်မာ့သစ်သီးဝလံကုန်စည် ဒိုင်ကိုလည်း ဖွင့်ထားပါတယ်၊ သစ်သီးဝလံ ပန်းမန်နဲ့ပတ်သက်ရင် အသင်းဝင်ပဲ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကျွန်တော်တို့ ကဏ္ဍထဲမှာ ပါတဲ့အတွက်ကြောင့် ချိတ်ဆက်ပေးမှာဖြစ်ပါတယ်ဟုပြောသည်။

 

102

 

ငါးနှစ်အတွင်းမှာ ဆယ်ခုဖွင့်မယ်၊ ဖွင့်တဲ့နေ့မှာ ဖရဲသီးနဲ့ ပရိုမိုးရှင်းအနေနဲ့ စဖွင့်ပါမယ်၊ တဖြည်းဖြည်းနဲ့ ပြည်ပဈေးကွက်အထိ ဖော်ဆောင်နိုင်ဖို့က အစိုးရအချင်းချင်း ညှိနှိုင်းပြီးမှ လုပ်လို့ရမှာပါဟု Makro မှ Mr. Saksit Panurach က ပြောသည်။

 

Makro အနေဖြင့် ပြည်တွင်း၌ ကုန်ပစ္စည်းအမျိုးအစား စုံလင်စွာရောင်းချသွားကာ ဖောက်သည် လုပ်ငန်းရှင်များ အကျိုးအမြတ်များရရှိပြီး၊ စီးပွားလုပ်ငန်း ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ အရည်အသွေး ပြည့်မီသည့် ကုန်ပစ္စည်းများကို အသင့်တော်ဆုံး ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ ပထမဆုံး လက္ကားအရောင်းဆိုင်ကို ရန်ကုန်မြို့၊ အထက်ပုစွန်တောင်လမ်း၊ စက်စမ်း၌ အရောင်းဧရိယာ ၇၀ဝ၀ စတုရန်းပေ အကျယ်ဝန်းပေါ်တွင် အရောင်းစင်တာကို ကုန်ပစ္စည်း အမျိုးအစား တစ်သောင်းကျော်ဖြင့် ဧပြီလတွင် စတင်ဖွင့်လှစ် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထိုင်းအခြေစိုက် Aro ကုမ္ပဏီမှ Makro Myanmar ကို မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ကတည်ထောင်ပြီး အဓိက ဖောက်သည်များမှာ လက်လီအစားအသောက် ရောင်းချသူများ၊ ကုန်စုံဆိုင်များ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကျောင်းနှင့်တက္ကသိုလ်များ၊ ရုံး၊ စက်ရုံများ၊ တောင်သူများ အဓိကဖြစ်ကြောင်း သိရသည်။

အလားတူ MFVP အသင်းသည် အိမ်နီးချင်းနိုင်ငံ တရုတ်နိုင်ငံနှင့် MoU လေးခု၊ ထိုင်းနိုင်ငံသို့ ဝဥတင်ပို့ရောင်းချနိုင်ရန် MoU လက်မှတ်ရေးထိုးထားကြောင်း သိရသည်။

 

သန့်ဇင်ဝင်း