မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဖွဲ့စည်း

mdn

မုံရွာ ၁၂ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက မြန်မာသနခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ 

 

''  တစ်နိုင်ငံလုံးရဲ့ မြန်မာ့သနပ်ခါးဆိုပြီး အမည်ယူလိုက်တာပါ၊ နယ်မြေအလိုက် မူပိုင်ခွင့်အသေးလေးတွေ လုပ်မဲ့အစား မြန်မာ့သနပ်ခါးဆိုပြီးလုပ်လိုက်ရင် တစ်နိုင်ငံလုံးခြုံမိသွားမယ်၊ ကမ္ဘာဈေးကွက်အထိကို မျှော်မှန်းပြီး ဆက်ပြီးသွားနိုင်ဖို့အတွက် လုပ်ဆောင်ခဲ့တာပါ'' ဟု စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်မောင်းက ပြောသည်။

 

သနပ်ခါးစိုက်ပျိုးရေးလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အရာတော်မြို့နယ်တွင် အများဆုံး စိုက်ပျိုးကြပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၄၁၃၂၈)ဧက၊ မကွေးတိုင်းဒေသကြီး အတွင်း (၅၉၄ဝဝ)ဧက၊ ရှမ်းပြည် နယ်(တောင်ပိုင်း)တွင် (၁၅)ဧက စုစုပေါင်း (၁ဝဝ၇၄၃)ဧက စိုက်ပျိုးကြောင်း သိရသည်။

 

'' သနပ်ခါးတစ်ဧက စိုက်ကုန်ကျစရိတ်က အခုအခြေအနေမှာ အပင်ရေ (၄ဝဝ) လောက်ဝင်တယ်၊ ငွေကျပ် (၃)သိန်းလောက်ကုန်ကျပါတယ်၊ အခုလိုအသင်းအဖွဲ့တွေဖွဲ့စည်းတဲ့အတွက် လက်ရှိသွားရလာရတာ ရောင်းဝယ် သမားတွေနဲ့ အဆင်ပြေပါတယ်၊ နိုင်ငံတော်အနေနဲ့လည်း နိုင်ငံတကာအဆင့်မီဖို့ အဖက်ဖက်ကနေဦတည် နေတဲ့အတွက် တောင်သူတွေအတွက် အများကြီးအကျိုးကျေးဇူးတွေရရှိမယ်လို့ မျှော်လင့်ပါတယ်'' ဟု အရာတော် မြို့နယ်မှ သနပ်ခါးစိုက်တောင်သူ တစ်ဦးက ပြောသည်။

 

မြန်မာနိုင်ငံသနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဖွဲ့စည်းရာသို့ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းနှင့်တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များဖြစ်သော အရာတော်၊ မုံရွာ၊ ဘုတလင်၊ ယင်းမာပင်၊ မြင်းမူ၊ ကန့်ဘလူ၊ကနီ၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များဖြစ်သော ပခုက္ကူ၊ မြိုင်၊ ရေစကြို စသည့်မြို့များမှ သနပ်ခါးစိုက် ပျိုးရေးတောင်သူများ၊ ဒေါ်သီ၊ ရွှေပြည်နန်း၊ ရွှေဘိုမင်းသမီးသနပ်ခါးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)