ရန်ကုန် ၁၂ သြဂုတ်
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(ဗဟို)၏ နှစ်ပတ်လည် အစည်းအဝေး (၂၀၁၉) ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း(ရုံးချုပ်)ရှိ ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သဘာပတိ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဗဟို စည်းမျဉ်းနှင့် ကျင့်ဝတ်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း (ဗဟို)မှ ဥက္ကဋ္ဌ ဦးမြတ်ခိုင်က အဖွင့် အမှာစကားပြောကြားကာ ဒုတိယဥက္ကဋ္ဌ ဦးကျော်စွာမင်းက အစည်းအဝေး ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ဗဟို)မှ အထွေထွေအတွင်း ရေးမှူး ဦးသာဇော်က အသင်း၏နှစ်ပတ်လည် အစီရင်ခံစာအကြောင်းကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး (၁) ဒေါ်အိအိတင်က နိ်ုင်ငံတကာဆက်ဆံရေး အခြေအနေကို လည်းကောင်း၊ တွဲဖက်အတွင်း ရေးမှူး(၂) ဦးဇေယျာမြတ်ခိုင်က အသင်း၏ အထူးကိစ္စရပ်များကိုလည်းကောင်း၊ တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်အေးမွန်က ဘဏ္ဍာရေး အစီရင်ခံစာကိုလည်းကောင်း ၊ စည်းရုံးရေးမှူး ဦးသိန်းလှိုင်က စည်းရုံးရေး အစီရင်ခံစာ ကိုလည်းကောင်း၊ ပြန်ကြားရေးမှူး ဦးဘဦးက အသင်း၏ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဥက္ကဋ္ဌ/ကိုယ်စားလှယ်များက စည်းရုံးရေးအခြေအနေ ၊ ဘဏ္ဍာရေး အခြေအနေ၊ ရှေ့လုပ်ငန်းစဉ်များ၊ အခက်အခဲများ နှင့် အကြံပြုချက်အစီရင်ခံစာများကို တင်သွင်းဖတ်ကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(ဗဟို) အထွေထွေအတွင်းရေးမှူး ဦးသာဇော် က မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(ဗဟို)အရံကော်မတီ အင်အား ဖြည့်တင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အစည်းအဝေးတွင် တင်ပြခဲ့သည့် ဆွေးနွေးဆုံးဖြတ်ချက်များကို အတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြ သည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမြတ်ခိုင်က “ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအရ နှစ်ပတ်လည် အစည်းအဝေးကျင်းပရခြင်းဖြစ်ပါတယ်။ ဒီညီလာခံမှာထူးခြားတာကတော့ နောက်သက်တမ်းမှာအရွေးခံမယ့်သူတွေကို လေ့လာသူအဖြစ်နဲ့ ထည့်ပေးထားပါတယ်။ ပဲခူးတို့၊ ကချင်တို့ဆိုရင် ဖွဲ့စည်းပုံမှာ ပြဿနာ အချို့ရှိတယ်။ သူတို့ကို လေ့လာသူအဖြစ်နဲ့ဖိတ်ထား တာရှိပါတယ်။ MJA ကို၂၀၁၂ ခုနစ် သြဂုတ်၁၁ ရက်မှာစတင်ဖွဲ့စည်းခဲ့တာပါ။ သက်တမ်း ခုနစ် နှစ်ရှိသွားပါပြီ” ဟုပြောသည်။
ယနေ့ကျင်းပသည့် အစည်းအဝေးသည် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ဗဟို)၏ တတိယအကြိမ် နှစ်လယ်ညီလာခံဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။
သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး


