ရန်ကုန် ၆ သြဂုတ်
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)၏ ၂၀၁၉ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့ နယ် သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(ဗဟို) ဂုဏ်ထူးဆောင် အသင်းသား၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး) ဂုဏ်ထူး ဆောင်နာယက ဒါရိုက်တာ မောင်ယဉ်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(ဗဟို) အလုပ်အမှုဆောင် ဒေါက်တာဇော်သန်းက သတင်းစာအသင်း ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကိုလည်းကောင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က သတင်းသမားဘဝ ခံယူပုံ၊ သတင်းသမားဘဝ အတွေ့အကြုံ၊ သတင်းသမားများ၏ ကျင့်ဝတ်၊ နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည်တို့တွင် သတင်းသမားများက စတုတ္ထမဏ္ဍိုင်အဖြစ် ကလောင်ဆွဲကိုင်ပြီး နိုင်ငံနှင့်ပြည်သူ အကျိုးပြုသတင်းများ ရေးသားစေရေး၊ သင်တန်းများ နှင့်အသင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး) အတွင်းရေးမှူး ဦးမျိုးမြင့်ဆွေက ၂၀၁၈-၂၀၁၉ နှစ်ပတ်လည် အစီရင်ခံစာကို ဖတ်ကြား တင်သွင်းပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ၏ သဘောတူညီချက်ကို ရယူသည်။
ယင်းနောက် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(ဗဟို)နှင့် ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(ရန်ကုန်တိုင်း ဒေသကြီး)၏ ၂၀၁၈-၂၀၁၉ သက်တမ်းကာလ အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး မြို့နယ်အလိုက် လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံး ဆုများချီးမြှင့်ကာ နှစ်ပတ်လည်အစည်းအဝေး ကျင်းပရေးအတွက် ပံ့ပိုးကူညီကြသူများအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ကြသည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)ကို ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၃ မြို့နယ်၌ အသင်းသား ၄၀ဝ နီးပါးခန့်ဖြင့်ဖွဲ့စည်းထားကာ အသင်းသားများအနေနှင့် သတင်းများနှင့် ဆောင်းပါးများကို နေ့စဉ်ထုတ် သတင်းစာများတွင် ရေးသားဖော်ပြလျက်ရှိကြောင်း သိရသည်။
သတင်း - ရီရီမြင့်
ဓာတ်ပုံ - ရဲထွဋ်


