စစ်ကိုင်း  ၃  သြဂုတ်

 

    
မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး သတင်းစာဆရာများ နှစ်ပတ်လည် ညီလာခံအခမ်းအနားကို သြဂုတ် ၃ ရက်၊ နံနက် ၉ နာရီက စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာ၌ ကျင်းပပြုလုပ်ခဲ့သည်။


    
အခမ်းအနားတွင် စစ်ကိုင်းမြို့နယ် စာရေးဆရာများအသင်းဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီးအမှာစကားပြောကြားရာ အသင်းတစ်သင်း၊ အစုအဖွဲ့တစ်ဖွဲ့ ဖြစ်ပေါ်လာပြီဆိုရင် ပါဝင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်အသီးသီးများအနေနဲ့ စည်းလုံးညီညွတ်စွာ လုပ်ကိုင်ဆောင်ရွက်သွားကြမည်ဆိုလျှင် အသင်းရေရှည် တည်တံ့ပြီး လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီး သတင်းစာဆရာများအသင်း စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကြည်အောင်က သတင်းစာဆရာ အသင်းဝင်ဖြစ်ဖို့အတွက် လက်တွေ့သတင်းရေးသားသူများသာလျှင်ဖြစ်ကြောင်း၊ မိမိတို့ရဲ့စာမျက်နှာတွေပေါ် တင်ပြီး အွန်လိုင်းအသုံးပြုနေကြတဲ့ သတင်းသမားအနေနဲ့လည်း သတင်းများရေးသားကြပြီး သတင်းစာဆရာ အသင်းဝင်အဖြစ် ခံယူသွားကြစေလိုကြောင်း၊ မိမိတို့အွန်လိုင်းတင်လိုက်တဲ့ သတင်းများအပေါ်မှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။


    
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး သတင်းစာဆရာများအသင်း အတွင်းရေးမှူး ဦးဇော်မြင့်က ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွင်း အသင်းကြီး၏အသုံးပြုခဲ့သည့် ငွေစာရင်းရှင်းတမ်းများကို အသေးစိတ်ဖတ် ကြားပြီး တက်ရောက်လာကြသည့် သတင်းစာဆရာအသင်းဝင်များ၊ အခြားဂျာနယ်သတင်းသမားများက မိမိတို့သိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း ခရိုင်နြပ်/ဆက်မှ သိရသည်။

MDN