ရန်ကုန် ၁၅ စက်တင်ဘာ
မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ပထမအကြိမ် နှစ်ပတ်လည်အအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသော အင်အားစုကြီး (၃)ခုဖြစ်သည့်ဆရာဝန်များ၊ သူနာပြုများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအနက် သူနာပြုဆရာမများသည် အရေးကြီးသောသော အင်အားစုကြီး တစ်ခုဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီသည် ဤကဲ့သို့အရေးကြီးသော သူနာပြုနှင့် သားဖွားဆရာမများ၏ အရည်အသွေးမြင့်မားရေး၊ ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ရေးတို့အတွက် ထိန်းသိမ်းကြီးကြပ်ပေးနေရသော အလွန်အရေးကြီးသည့် အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါကြောင်း၊ သူနာပြုနှင့်သားဖွားဆရာမ လုပ်ငန်းနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးသည် ကောင်စီ၏ လုပ်ငန်းများဆောင်ရွက်မှုများ စနစ်ကျနပီပြင်မှုအပေါ် တည်မှီနေပါကြောင်း။
မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီအသစ်ကို ၂၀၁၈ခုနှစ်၊ဩဂုတ်လ (၁၃)ရက်နေ့တွင် ကောင်စီဝင် (၆၀)ဦးဖြင့် ပြန်လည်ဖွဲ့စည်းပေးအပ်ခဲ့ပြီး ဖွဲ့စည်းတာဝန်ပေးသည့်အချိန်မှစပြီး ကောင်စီအဖွဲ့ဝင်များသည် စိတ်ဆန္ဒခိုင်မာအားကောင်းစွာဖြင့် လုပ်ငန်းများကိုကောင်းမွန်စွာ ကြိုးစားအားထုတ်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း။
သူနာပြုများ၏ အရည်အသွေးနှင့် အဆင့်အတန်းမြင့်မားလာရေးအတွက် ကောင်စီသည် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ လုပ်ငန်းလမ်းညွှန်များ၊ စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများကို ပြုစုထုတ်ဝေခဲ့သည်ကိုတွေ့ရှိရပါကြောင်း။
ပိုမို၍အရေးကြီးသည်မှာ သူနာပြုနှင့်သားဖွားဆရာမများ၏ ကျင့်ဝတ်သိက္ခာကို အစဉ်ထိန်းသိမ်းနိုင်ရန်အတွက်လည်းကောင်း၊ သူနာပြုနှင့်သားဖွားဆရာမများ၏ လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှု၌ အကာအကွယ်ပေးနိုင်ရန်လည်းကောင်း၊ သူနာပြုနှင့်သားဖွားဆရာများ အဆင့်အတန်းမြင့်မားစွာလေ့ကျင့်သင်ကြားနိုင်ရန်လည်းကောင်း၊ သူနာပြုတက္ကသိုလ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (၅၀) တို့နှင့်ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း။
တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကော်မတီဝင်များအချင်းချင်း အတွေ့အကြုံများဖလှယ်၍ ပိုမိုအကျိုးရှိတိုးတက်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပုဂ္ဂလိကသူနာပြုကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကောင်စီကစံချိန်စံညွှန်းနှင့် ပညာရေး အရည်အသွေးအဆင့်အတန်း ပြည့်မီရေးစနစ်တကျအကဲဖြတ်ခြင်း၊ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပြီး ပုဂ္ဂလိကသူနာပြုကျောင်း (၄)ကျောင်းကိုဝန်ကြီးဌာနမှလည်း ကြိုးစားဆောင်ရွက်လျက်ရှိရာ မကြာမီ ဖွင့်လှစ်ခွင့်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း။
ထိုပုဂ္ဂလိကကျောင်းများသည် ပြည်ပနိုင်ငံများနှင့် ဖက်စပ်ဆောင်ရွက်ခြင်းဖြစ်၍ မိမိတို့ဝန်ကြီးဌာနဘက်က ဆရာ ဆရာမများလည်း အချိန်ပိုင်းသွားရောက်သင်ကြားနိုင်မည်ဖြစ်သဖြင့် နှစ်ဦးနှစ်ဘက် အကျိုးရှိမည်ဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံသူနာပြု သားဖွားကောင်စီအနေဖြင့် သူနာပြုကျင့်ဝတ်ဆိုင်ရာဟောပြောပွဲများနှင့် သူနာပြုများအရည် အသွေးစဉ်ဆက်မပြတ်တိုးတက်စေရေးဆွေးနွေးပွဲများအားရန်ကုန်မြို့နှင့်မန္တလေးမြို့တို့တွင်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံကြီးများတွင်လည်းဆောင်ရွက်ဟောပြောခဲ့သဖြင့်အလွန်ကောင်းမွန်ပါကြောင်း။
သူနာပြုနှင့် သားဖွားဆရာမများအားလုံး တစ်ဦးနှင့်တစ်ဦး အပြန် အလှန်လေးစားမှုဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ်ဆောင်ရွက်လျှင် သူနာပြုနှင့် သားဖွားဆရာမများ၏ ပုံရိပ်ပိုမိုမြင့်မားလာမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအား အရည်အသွေးပြည့်ဝပြီး ကျင့်ဝတ်နှင့်ညီသော ပြုစုစောင့်ရှောက်မှုများပေးနိုင်ရန် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနနှင့် တစ်သင်းတစ်ဖွဲ့တည်းသဘောထား၍ ကြိုးစားဆောင်ရွက်ကြစေလို ကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသူနာပြုနှင့် သာဖွားကောင်စီဥက္ကဋ္ဌဒေါ်နွဲ့နွဲ့ခင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြန်ခန်းငယ်အားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


