ရန်ကုန်  ၁၆ ဩဂုတ်  


မြန်မာနိုင်ငံ ကာတွန်းဆရာများ အသင်းအနေဖြင့် မြန်မာနိုင်ငံ တစ်ဝန်းတွင်  သဘာဝဘေးအန္တရာယ် ရင်ဆိုင်နေရသော ပြည်သူများကို ကူညီရန်အတွက် ရေဆန်လေဆန် ကာတွန်းပြပွဲ(၂၀၁၉)ကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ  ကာတွန်းဆရာများ အသင်းအနေဖြင့် မြန်မာပြည်သူလူထုနှင့် တစ်သွေးတည်း တစ်သားတည်းဖြစ်ကြောင်း ရပ်တည်ပြသရန်၊ ကာတွန်းပညာရပ်သည် လက်ရှိဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို ကမ္ဘာသို့ အချိန်နှင့်တစ်ပြေးညီ မီးမောင်းထိုးပြသနိုင်သည်ကို ပြသရန်၊ မြန်မာ့စိတ်ရင်းဖြစ်သော ပရဟိတစိတ်နှင့် စည်းလုံးမှုများကို ထင်ရှားအောင်ပြသရန် စသည့် ရည်ရွယ်ချက်များဖြင့် ရေဆန်လေဆန်ကာတွန်းပြပွဲ (၂၀၁၉)ကို ကျင်းပရခြင်းဖြစ်ပြီး  ဩဂုတ်  ၁၇  ရက်မှ  ၁၉  ရက်အထိ သုံးရက်တိုင်တိုင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့နှင့် မန္တလေးမြို့(၂၆) လမ်းနှင့် (၆၈)လမ်းထောင့်တို့တွင် တစ်ပြိုင်တည်း ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကာတွန်းဆရာများ အသင်းမှ သိရသည်။


"ရေဆန်လေဆန်ကာတွန်းပြပွဲ (၂၀၁၉)မှာ ကာတွန်းပြပွဲအပြင် ကာတွန်းလက်တွေ့ ရေးဆွဲပြသမှုတွေ၊ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းက ပြည်သူတွေ သဘာဝဘေးတွေနဲ့ ကြုံတွေ့နေရတာကို ကျွန်တော်တို့ ကာတွန်းဆရာတွေဘက်ကလည်း များစွာစိတ်မကောင်းဖြစ်မိပါတယ်။ ဒါကြောင့်  အခုလိုပြပွဲလေးလုပ်ပြီး  တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီတာဖြစ်ပါတယ်။ ပြပွဲက ရရှိတဲ့ငွေကြေးတွေကိုလည်း အကုန်လုံးပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ကာတွန်းဆရာအသင်းမှ ကာတွန်း မောင်မောင်ဖောင်တိန်က ပြောသည်။


အဆိုပါ ကာတွန်းပြပွဲများတွင် ကာတွန်းဆရာ ၁၀ဝ ကျော်တို့၏ ကာတွန်းပြကွက်ပေါင်း ၂၀ဝ ကျော် ၃၀ဝ နီးပါး ခင်းကျင်းပြသ သွားမည်ဖြစ်ပြီး သဘာဝ ဘေးအန္တရာယ် နှင့်ပတ်သက်၍ ရေးဆွဲထားသည့် တစ်ကွက်ကာတွန်းများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


ကိုထက်

 

1