နေပြည်တော် ဒီဇင်ဘာ ၂၅
မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ (၂၁)ကြိမ်မြောက် တိရစ္ဆာန်ဆေးကု ဆရာဝန် မှတ်ပုံတင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ ရေဆင်း မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ရွှေရတုဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ညွှန် ကြားရေးမှူးချုပ်များ၊ ပါမေက္ခချုပ်များ၊ မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးပညာကောင်စီ ခေတ္တ ဥက္ကဌနှင့် ကောင်စီဝင်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမေက္ခချုပ်များ၊ ဘွဲ့ရ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသား/ကျောင်းသူ မိဘများ စုံညီစွာတက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ကနေ မွေးထုတ်ပေးလိုက်သည့် မွေးမြူရေးနှင့် ကုသရေးပညာရှင်များသည် နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အခြေခံအကျဆုံး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အစားအစာဘေး အန္တရာယ်ကင်းရှင်းရေး၊ တစ်ခုတည်းသော ကျန်းမာရေး(One Health)ကို အထောက်အပံ့ဖြစ်စေသည့် တိရစ္ဆာန် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကျန်းမာရေးများ ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင် ပေးခြင်း လုပ်ငန်းများ၌ ခေါင်းဆောင်မှုနေရာကနေ ပါဝင်ကြရမည့် သူများဖြစ်သည့်အတွက် ဘွဲ့ရ မောင်မယ်များအားလုံး နိုင်ငံနှင့် လူမျိုးအတွက် အားကိုးအား ထားပြုထိုက်သော ကျင့်ဝတ် လိုက်နာသည့် မွေးမြူရေးနှင့် ကုသရေးပညာရှင်များဖြစ်ရန် ကျိုးစားဆောင် ရွက်ကြစေလိုကြောင်း မှာကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ ခေတ္တဥက္ကဌ ဒေါက်တာခင်ဇော် နှင့် ကောင်စီဝင်များက တိရစ္ဆာန်ဆေးကု ဆရာဝန် မှတ်ပုံတင်လက်မှတ်များကို အပ်နှင်းပြီး မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီခေတ္တဥက္ကဌ က မိန့်ခွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် အစည်းဝေးခန်းမတွင် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ ခေတ္တဥက္ကဌနှင့် ကောင်စီဝင်များနှင့်တွေ့ဆုံ၍ ယနေ့ခေတ်တွင် ဆေးယဉ်ပါးမှုပြဿနာသည်လူအပါအဝင် သက်ရှိသတ္တဝါများအတွက် အလွန်အရေးကြီးသော ပြဿနာတစ်ခုဖြစ်လာသောကြောင့် လယ်ယာ သားငါး ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ပဋိဇီဝဆေးဓါတ်ကြွင်းများ ပါဝင်မှုကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီရေးကိုလည်း သတိမူဆောင်ရွက်ရမည့် ဖြစ်သည့်အတွက် မြန်မာနိုင်ငံတိရစ္ဆာန် ဆေး ပညာကောင်စီအနေဖြင့် ဥပဒေ စည်းမျဉ်းစည်းကမ်းများကို ခေတ်နှင့်လိုက်လျော ညီထွေစွာ ရေးဆွဲကြစေလိုကြောင်းမှာကြားပြီး တက်ရောက်လာသည့် မြန်မာနိုင်ငံတိရစ္ဆာန် ဆေးပညာ ကောင်စီ ခေတ္တဥက္ကဌနှင့် ကောင်စီဝင်များမှ ဆွေးနွေးတင်ပြချက်များကို ဒုတိယဝန်ကြီးမှ ညှိနှိုင်းဖြည့်စည်း ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ရေးဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန တစ်နှစ်(၃)သီး စိုက်ပျိုးနိုင် သော သီးနှံပုံစံအတွဲများ စမ်းသပ်စံပြ(၂၄)ဧက စိုက်ခင်းသို့ရောက်ရှိပြီး ညွှန်ကြားရေးမှူးချုပ်က ရေ၊ မြေနှင့် သွင်းအားစုများ စနစ်တကျ အကျိုးရှိစွာ အသုံးချနိုင်မှုကို သီးနှံပုံစံများ အလိုက် ဆောင်ရွက် နေမှုကိုလည်းကောင်း၊ မိုးကြိုစပါး ပြည်တော်ရင်မျိုးကို သားတက်ဆင့်ပွားနည်း ပညာဖြင့် စိုက်ပျိုးထားသည့် စပါးလမိုင်းစိုက်ခင်းကိုလည်းကောင်း၊ ဖူးစားပြောင်းစိုက်ခင်းကို လည်းကောင်း၊ မွေးမြူရေးသုတေသနဦးစီးဌာန၊ရုံးမြေနေရာ ရွေးချယ်ထားသည့် လျာထားမြေ နေရာများ ကိုလည်းကောင်း၊ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်