ရန်ကုန် ဩဂုတ် ၂၈
မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီ အစည်းအဝေး(၃/၂၀၂၄)၊ မြန်မာအမျိုးသားဝတ်စုံမှန်နှင့် မြန်မာအမျိုးသမီးဝတ်စုံတို့အား ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းနိုင်ရန် မြန်မာအမျိုးသား၊ အမျိုးသမီးဝတ်စုံ သတ်မှတ်နိုင်ရေး အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းအဖွဲ့ဝင် အလုပ်အမှုဆောင် ဒေါက်တာနန္ဒာမွှန်း၊ မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်၊ လူမှုရေးနှင့်ယဉ်ကျေးမှုလုပ်ငန်းအဖွဲ့ ခေါင်းဆောင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အဖွဲ့ဝင် အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ခင်ဆွေမြင့်၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဌာနဆိုင်ရာ များ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက တိုင်းရင်းသားဝတ်စုံနှင့်ပတ်သက်၍ လွဲမှားမှုမရှိစေရန် ဝတ်စုံများ၏ မူလဇစ်မြစ်ကိုပါ လေ့လာစိစစ်တင်ပြရန်အတွက် “တီထွင်မှုသည် ရိုးရာကိုမကျော်ရန်” ဆိုသည့် “မူဝါဒ” ဖြင့် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီကို ဖွဲ့စည်းရခြင်းနှင့်စပ်လျဉ်း၍ တိုင်းရင်းသား ဝတ်စုံမှန်သတ်မှတ်နိုင်ရေးအတွက် သမိုင်းမှတ်တမ်းအထောက်အထားများ၊ မြေပြင်ကွင်းဆင်းလေ့လာ မှတ်တမ်းပြုချက်များ၊ သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန်၊ မြန်မာတိုင်းရင်းသားဝတ်စုံနှင့်စပ်လျဉ်း၍ နေ့စဉ်သုံးနှင့်အခမ်းအနား ခွဲခြားသတ်မှတ်ရန်၊ တိုင်းရင်းသားဝတ်စုံများကို မူပိုင်ခွင့်သတ်မှတ်ရန်နှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဥပဒေများ သတ်မှတ်သွားရန် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး ကော်မတီအတွင်းရေးမှူးက တိုင်းရင်းသားဝတ်စုံများ သတ်မှတ်ရန် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ပညာရှင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


