နေပြည်တော် ၂၄ စက်တင်ဘာ 


မြန်မာနိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ခြင်းစီမံကိန်း မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပသည်။


အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးကဏ္ဍတွင် ကုန်စည်ကုန်သွယ်ရေးသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရှိပါကြောင်း၊ ကုန်သွယ်ရေးကဏ္ဍ အောင်မြင်ရန်မှာ ကုန်စည်ကုန်သွယ်ရေးသာမက ဝန်ဆောင်မှုကုန်သွယ်ရေးပါ တိုးတက်မှုရှိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍ တိုးတက်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ဂျီဒီပီနှင့် အလုပ်အကိုင်ရနိုင်စွမ်းကို အထောက်အကူပြုနိုင်မည့် မြန်မာနိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ခြင်းစီမံကိန်း Myanmar Services Trade Enhancement Project (M-STEP)ကို ၂၀၁၉ ခုနှစ် ဇွန်လမှ ၂၀၂၂ ခုနှစ် ဇွန်လအထိ (၃)နှစ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုကဏ္ဍသည် ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ပြီး လူငယ်စွန့်ဦးတီထွင်သူများ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများ၌ ယှဉ်ပြိုင်မှုရှိလာရန် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ Enhanced Integrated Framework (EIF) Executive Director Dr. Ratnakar Adhikari က မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ခြင်း(LDC Graduation) ကို ရရှိတော့မည်ဖြစ်သဖြင့် နိုင်ငံအတွက် အလွန်အရေးကြီးသော ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ရတော့မည်ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုကုန်သွယ်ရေး တောင့်တင်းခိုင်မာစေရန် ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဘဏ်လုပ်ငန်းကဏ္ဍ၊ ပို့ကုန်ထုတ် လုပ်ရေးကဏ္ဍတို့၌ ကျယ်ပြန့်စွာ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှု ကုန်သွယ်ရေးနှင့်ပတ်သက်သည့် ဖြေလျှော့မှုများကိုလည်း လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ Enhanced Integrated Framework အစီအစဉ်မှလည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် မောင်းနှင်အားဖြစ်နိုင်သော ဝန်ဆောင်မှုကဏ္ဍအတွက် လိုအပ်သည့်နေရာ၌ ဆက်လက်ထောက်ပံ့ ကူညီပေးမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ယခင်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရသည့်အတွက် ယခုစီမံကိန်းတွင်လည်း ထိရောက်စွာ အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်းပြောကြားသည်။

 

mdn


ယင်းနောက် ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဒီဂျစ်တယ်အသုံးပြု ကူးသန်းရောင်းဝယ်မှုလုပ်ငန်းဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။


ထို့နောက် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးစနစ် ပီပြင်စွာဆောင်ရွက်နိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများအားလုံး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ရေး Current Situation and Potential for e-Commerce in Myanmar ခေါင်းစဉ်ဖြင့် စားပွဲဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဒီဂျစ်တယ်အသုံးပြု စီးပွားရေးလုပ်ငန်းများ၊ ဒီဂျစ်တယ်နည်းပညာအသုံးပြုလုပ်ငန်းများ၊ ငွေကြေးပေးချေမှုဝန်ဆောင်မှု လုပ်ငန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များက မိမိတို့၏ လုပ်ငန်းအခြေအနေနှင့် လိုအပ်ချက်များကို ပါဝင်ဆွေးနွေးကြပြီး ဘာသာရပ်ဆိုင်ရာ တာဝန်ခံကိုယ်စားလှယ်များက အကောင်အထည်ဖော်ရမည့် စီမံကိန်းပါ Component များအား ရှင်းလင်းဆွေးနွေးကြသည်။


မြန်မာနိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ခြင်းစီမံကိန်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးသည့် မူဘောင်ဖြစ်သော Enhanced Integrated Framework အစီအစဉ်မှ မြန်မာနိုင်ငံအား ထောက်ပံ့ပေးသောရန်ပုံငွေကို မြန်မာနိုင်ငံအစိုးရသို့ တိုက်ရိုက်ပေးအပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ သန်းရရှိမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၃)နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်