မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် (၂/ ၂၀၂၂) ပုံမှန်အစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁၄

 

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် (၂/၂၀၂၂) ပုံမှန်အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ  မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကား ပြောကြားသည်။

 

ကော်မရှင်ဥက္ကဋ္ဌက ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဆောင်ရွက်ကြသော နိုင်ငံများတွင် ယှဉ်ပြိုင်မှု ဥပဒေသည် အဓိကအရေးပါသော ဥပဒေတစ်ရပ်ဖြစ်၍ ဥပဒေသည် ခေတ်နှင့်လျော်ညီစေရန် ဥပဒေ၏ အားသာချက်၊ အားနည်းချက်များကို အစဉ်တစ်စိုက် လေ့လာသုံးသပ်ရေး၊ အခြားနိုင်ငံ အဖွဲ့အစည်း များ၏ ပြောင်းလဲမှုများကိုလည်း မျက်ခြေမပြတ် လေ့လာထားရှိရေး၊ ကော်မရှင်တွင် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်သောပုဂ္ဂိုလ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့်အတွက် မိမိတို့၏ ကျွမ်းကျင်မှုများအား အကောင်းဆုံးအသုံးချဆောင်ရွက်သွားရေး၊  ယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားသင့်သည့် အစီအမံများ၊ နည်းလမ်းများချမှတ်ရေး၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အာဆီယံယှဉ်ပြိုင်မှု မူဘောင် သဘောတူစာချုပ်ရေးဆွဲရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများတွင် ထိရောက်စွာပါဝင်ဆောင်ရွက်ရေး၊ ယှဉ်ပြိုင်မှုဥပဒေ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ယခင်(၁/၂၀၂၂) ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ၂၀၂၂ ခုနှစ်အတွင်း ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ အာဆီယံ ဒေသတွင်းနိုင်ငံများရှိ ယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ များ၊ ယှဉ်ပြိုင်မှုဆိုင်ရာတိုင်ကြားလာသည့် အမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှု အခြေအနများနှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ကော်မရှင်ရုံး တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာ နိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)