နေပြည်တော် မေ  ၅

 

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် မြန်မာအားကစား အဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ မေ(၅)ရက်မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် (၃၂)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှု ဆုတံဆိပ်များ ရရှိစေရန်နှင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များနှင့် ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် ယနေ့နံနက် ​ (၉)နာရီတွင်  ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Hotel Cambodiana ၌  တည်းခို နေထိုင်လျက်ရှိသည့် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ Anik Palace Hotel ၌ တည်းခိုနေထိုင် လျက်ရှိသည့် မြန်မာပီတန်း ​အားကစားအဖွဲ့၊ Citadines hotel ၌  တည်းခိုနေထိုင်လျက်ရှိသည့် မြန်မာဘော်လီဘော (အမျိုးသား)အားကစားအဖွဲ့တို့မှ အုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများကို  သွားရောက် တွေ့ဆုံ၍ အား​ပေးစကားပြော ကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက မြန်မာအားကစားအဖွဲ့များအားလုံး ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ရိုင်းပင်းကူညီနေထိုင်သွားကြရန်လိုကြောင်း၊ မိမိကိုယ် မိမိယုံကြည်မှု ရှိရန်နှင့် အသင်းအဖွဲ့စိတ်ဓာတ် ထားရှိရမည်ဖြစ်ကြောင်း၊ ခြင်းလုံးအားကစားနည်းသည် မြန်မာနိုင်ငံ၏ ရိုးရာ အားကစားနည်းဖြစ်သည့်အတွက် ခြင်းလုံးအားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် မိမိတို့၏ အရည်အချင်း၊ အရည်အသွေးများကို ဖော်ထုတ်ပြသပြီး ယှဉ်ပြိုင်ကစား သွားကြရန်လိုကြောင်း၊ မိမိနိုင်ငံ ဂုဏ်သိက္ခာမြှင့်တက်စေရန်နှင့် နိုင်ငံတော်အလံအား နိုင်ငံတကာ ၏အလယ်တွင် လွှင့်တင်နို င်ပြီး နိုင်ငံတော်သီချင်းအား ဂုဏ်ယူဝင့်ကြွားစွာ သီဆိုနိုင်စေရန်အတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် သွားကြရန်လိုကြောင်း၊  အောင်မြင်မှု ဆုတံဆိပ်များရရှိအောင် အားကစားသမားများ အနေဖြင့် ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရာတွင် ပြိုင်ဘက် အားကစားသမား၏ အားသာ ချက်/အားနည်း ချက်များကို လေ့လာသုံးသပ်ပြီး မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်တို့ဖြင့် နောက်ဆုံးအချိန်ထိ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ် ယှဉ်ပြိုင်သွားကြရန်လိုကြောင်း၊ နည်းပြများမှ စနစ်တကျ လေ့ကျင့်သင်ကြားပေးသည့်အတိုင်း ပြိုင်ပွဲတွင် ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုကြောင်း၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအားကစားသမားများအား တည်းခိုနေထိုင်သွားလာရေးနှင့် စားသောက်မှုများ အဆင်ပြေချောမွေ့စေပြီး လိုအပ်ချက်မရှိအောင် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားကြရန်မှာကြားခဲ့ပြီး အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူများထံ တင်ပြပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)